သင်္ကြန်တောင် ရောက်လာပြန်ပြီ .. မွေးရပ်ကနေ ထွက်လာချိန်ကစလို့ သင်္ကြန်ဆိုတာကို ခွဲခွာလာရတဲ့ ကျွန်မ .. ရောက်နေတဲ့အရပ်ဒေသကလည်း သင်္ကြန်ဆိုတာ မရှိတဲ့ ဒေသ ...
သင်္ကြန်ပွဲတော်ဆိုလို့ သွားကြည့်မိသေး .. အပြေးအလွှား .. ဘာဆိုဘာမှ သင်္ကြန်အနံ့အသက်မရှိတဲ့ နေရာဖြစ်နေတာမို့ .. တော်ပါပြီဆိုတဲ့ စိတ်ပျက်လက်ပျက် ..
ငယ်ငယ်လေးထဲက သင်္ကြန်မှာ ရေပက်ခံထွက်ဖို့ ဝေးစွ .. မဏ္ဍပ်ထိုင်ဖို့ ဝေးစွ .. ရေကစားချင်ရင် အိမ်ရှေ့ထွက်ဆော့လို့ ခွင့်ရခဲ့ပြန်တော့လည်း အရွယ်လေးရောက်ချိန်ကစလို့ မြို့လယ်ခေါင် ၈ထပ်တိုက်က ကျွန်မ .. ဘယ်နားမှာ ရေပက်ခဲ့ရပါလိမ့်မလဲ ... ဒါပေမယ့် သင်္ကြန်ဆိုတဲ့ အနံ့အသက်လေးရလာတာနဲ့ ရင်ထဲမှာ လှပ်လှပ်လှပ်လှပ် နဲ့ ခံစားရင်း ကြည်နူးတတ်ခဲ့တဲ့ ကျွန်မ ...
သင်္ကြန်နားနီးတိုင်း သင်္ကြန်အက ကချင်လို့ .. ယိမ်းထဲပါချင်လို့ .. သီချင်းသွားဆိုချင်လို့ .. ရေပက်ခံထွက်ချင်လို့ .. မဏ္ဍပ်ထိုင်ချင်လို့ .. အို ...... ခေါင်းစဉ်ပေါင်းမျိုးစုံ တပ်ပြီးတောင်းဆိုခဲ့ဖူးတဲ့ ကျွန်မ ... တခါမှလည်း အခွင့်မရခဲ့သလို ... နှစ်တိုင်း မုန့်လုပ်ပြီး အိမ်တွေ လျှောက်ဝေတာနဲ့ ပဲ အဆုံးသတ်ရလေ့ရှိပြန်တာပါပဲ ..
အိမ်ထဲမှာပဲ နေရင်း မုန့်လုပ်လို့ လိုက်ဝေရင်း သင်္ကြန်သီချင်းတွေဖွင့်လို့ ပျော်နေတတ်ခဲ့တာလေးတွေ လွမ်းတယ် ... သင်္ကြန်နဲ့ တူတာဆိုလို့ ကျွန်မရဲ့ အဖွားကို သင်္ကြန်မဏ္ဍပ်မှာ ယိမ်းတွေကို ဆုပေးတဲ့ အကဲဖြတ်အဖွဲ့ထဲ တောင်းတောင်းပန်ပန်နဲ့ လာခေါ်သွားလို့ ကျွန်မပါလိုက်သွားရင်း ဖျော်ဖြေရေးအနေနဲ့ ပန်းကုံးလေးကောက်စွဲလို့ ကခဲ့ဖူးတာလည်း သတိရပါရဲ့ ...........
နောက်တော့ သင်္ကြန်ယိမ်းတွေ မဏ္ဍပ်တွေ အလှပြကားတွေလည်း မရှိတော့ပြန်တာမို့ ကျွန်မရဲ့ အပြင်ထွက်ခွင့်လေး ဆုံးရှုံးရပြန်တာပေါ့လေ ... ဒါပေမယ့်လည်း ကျွန်မ သင်္ကြန်ကို သိပ်ချစ်တယ် ..
အားလုံးရဲ့ အပျော်တွေ ကြည်နူးမှုတွေ .. အတွေ့အကြုံတွေကို မမောနိုင်မပန်းနိုင် နားထောင်ရင်း နောက်နှစ်ဆိုရင်တော့ ဖြစ်အောင် ကစားမယ် .. သွားမယ်နဲ့ .. တစ်နှစ်မှ မဖြစ်မြောက်ခဲ့လည်း ကျွန်မ သင်္ကြန်ကို ချစ်တယ် ... အိမ်နားမှာ ထိန်နေအောင် ပွင့်တဲ့ ပိတောက်ပင်ကြီးအောက်မှာ ပိတောက်ပန်းသွားခူးပြီး ဘုရားကပ်ရတဲ့ အရသာကို လွမ်းတယ် ..
အခုတော့ အမိမြေမှာ ရွှေဝါရောင် ပိတောက်တွေ ထိန်နေခဲ့ချိန် ကျွန်မလက်ရှိနေတဲ့ အိမ်လေးရဲ့ အနားမှာတော့ ချယ်ရီပန်းတွေက ဝေလို့ပေါ့ .. ချယ်ရီလမ်းကလေးလို့တောင် တင်စားရလောက်တဲ့ အရမ်းကို လှတဲ့သဘာဝရှုခင်းလေးတွေ ကြားမှာ နေနေရပေမယ့် ကျွန်မရဲ့ မြေ .. ကျွန်မရဲ့ ဇာတိ အမေ့အိမ်လေးကို လွမ်းတယ် ..
အလုပ်စားပွဲမှာထိုင်လို့ ကော်ဖီသောက်နေရတဲ့အချိန်မှာ ခုချိန်လောက်ဆို မုန့်လုံးရေပေါ် သာကူမျိုးစုံ ရွှေရင်အေး ကျောက်ကျော တွေ အမေ့အိမ်လေးမှာ ပုံနေလောက်ပြီလို့ တွေးမိပြန်တော့လည်း လွမ်းလိုက်တာ သင်္ကြန်ရယ် .. သင်္ကြန်ရေနဲ့ မထိရမှာစိုးလို့ မုန့်သွားကြိတ်ဖို့ကို မောင်နှမနှစ်ယောက် အလုအယက် တာဝန်ယူကြရင်း .. အဆုံးမတော့ ကျွန်မကို အမြဲအလျော့ပေးတတ်တဲ့ အကိုကိုလည်း လွမ်းတယ် .. မုန့်သွားကြိတ်တဲ့ တချိန်ရယ် .. မနက်စောစော ဥပုသ်သည်တွေလှုဖို့နဲ့ နေ့တိုင်း ဆွမ်းကပ်လေ့ ရှိတဲ့ ကျွန်မတို့ မိသားစုအတွက်ကတော့ မနက်စောစော ရေပက်တဲ့သူတွေ မရှိသေးချိန် အလုအယက် ဈေးဝယ်လေ့ရှိပေမယ့် စောစောစီးစီး ထပက်တတ်တဲ့ ကလေးတွေ ရှိလို ရှိညား ဆုတောင်းရတဲ့ အချိန်လေးတွေကို လွမ်းတယ် ..
သင်္ကြန်ဇာတ်လမ်းတွေကြည့်ရတိုင်း အိမ်ပေါ်ကနေ ရေပက်ခံကားတွေကို လှမ်းကြည့်လို့ သူတို့တွေဆီကို အပျော်တွေ ကူးစက်ပြီး မျှဝေခဲ့ရတဲ့ နေ့ရက်တွေကိုလည်း လွမ်းပါရဲ့ ..
သင်္ကြန်ဆိုတဲ့ ခံစားချက်နဲ့ မနက်စောစော နိုးနေတဲ့ ကျွန်မ သင်္ကြန်သီချင်းတွေကို Repeat လုပ်ဖွင့်လို့ ကိုယ့်အခန်းကျဉ်းလေးထဲမှာ ငြိမ်ငြိမ်လေးနေရင်း လွမ်းလိုက်တာ သင်္ကြန်ရယ် .....
Wednesday, April 13, 2011
သင်္ကြန်အလွမ်း
Subscribe to:
Post Comments (Atom)
2 comments:
သင်္ကြန်နဲ့ဝေးနေတာကြာပြီ။ သင်္ကြန်ရက်နားနီးလာရင် စိတ်က အလိုလို လွမ်းမိတာပါပဲ။
လွမ်းနေရတာ ချင်းတူနေပြီ မမရေ...
ဗွမ်းးးးးးး:):):) စာလာဖတ်ရင်း ရေလောင်းသွားတယ် မမ။
ပျော်ရွင်ဖွယ် နှစ်သစ်လေး ဖြစ်ပါစေ။
Post a Comment
ထင်မြင်ချက်လေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။