Tuesday, March 30, 2010

ရှောင်မှပေါ့

ငိုပြီးပြန်လာတဲ့ ခြင်ကလေးကို ခြင်မေမေက ဘာဖြစ်တာလဲလို့ မေးတယ်။

ခြင်ကလေး "အီး..ဟီး.. ဖေဖေသေသွားပြီ!"

ခြင်မေမေ "ဟင်း... ဖေဖေက သားနဲ့အတူ စတိတ်ရှိုးသွားကြည့်တာ မဟုတ်လား!"

ခြင်ကလေး "ဟုတ်တယ်.. ပရိသတ်လက်ခုပ်တီးတဲ့အချိန် ဖေဖေမရှောင်ခဲ့ဘူး..."

မချစ်နဲ့လေ

သခွါးသီး အသဲကွဲပြီး ငိုနေတယ်။ ခရမ်းသီးက ဘေးကနေပြီး နှစ်သိမ့်နေတယ်။

"အချစ်က လှပရုံတင်မကဘူး မူးယစ်စေတယ်၊ ကြေကွဲစေတယ်၊ မျက်ရည်ကျစေတယ်၊ ဟင်း!
မင်းကွာ... ကြက်သွန်နီကိုမှ သွားချစ်မိတယ်လို့!"

ကွာခြားချက်

ဖက်ထုပ်လေးနှစ်ထုပ် မင်္ဂလာဆောင်တယ်။ သတို့သားဖက်ထုပ်က ဧည့်သည်တွေကို
ပြန်ပို့ပြီးနောက် အိပ်ခန်းထဲဝင်လာတယ်။ ကုတင်ပေါ်မှာ
အသားတုံးတစ်တုံးတွေ့တော့ ကြောက်အားလန့်အား ထအော်တယ်။

"ငါ့ သတိုးသမီး ဘယ်ရောက်သွားလဲ?"

အဲဒီအခါ အသားတုံးက ရှက်ရှက်နဲ့ပြန်ပြောတယ်။

"ဟင့်... သူများ အင်္ကျီချွတ်လိုက်တာနဲ့ သူများကို မမှတ်မိတော့ဘူးလားတဲ့!"

မီးငယ်နဲ့ နာဂစ် နောက်ဆက်တွဲ

မီးငယ် မေလ ၁၂ ရက်နေ့မှာပဲ ဂျပန်ကိုရောက်လာခဲ့ပါတယ်။ အိမ်မှာတော့ မိသားစုက မိတ်ဆွေတယောက် အိမ်မှာ ခိုကပ်နေရတဲ့ ဘ၀နဲ့ မီးငယ်ထားခဲ့ရတာပါ။ ဦးလေးကလည်း ဆေးရုံပေါ်မှာ သွေးပုလင်းတန်းလန်းနဲ့ မီးငယ် လေဆိပ်ဆင်းခါနီး သွားကန်တော့တော့ သူတာဝန်ကျေအောင် မလုပ်ပေးနိုင်ဘူး သမီးလေးရယ်လို့ တခွန်းပဲ ပြောပြီး မျက်ရည်ကျရှာတယ်။

တကယ်တော့ ကျေးဇူးတရားတွေ ဆပ်လို့ မကုန်နိုင်တဲ့ မီးငယ်ရဲ့ ကျေးဇူး ရှင်ထဲမှာ ဦးလေးလည်း ရှေ့ဆုံးကပါပဲ။ ဦးလေးလို့သာပြောတာ ဘယ်သူကမှ ဦးလေးလို့မသိပါဘူး။ ဦးလေးလို့သိတဲ့သူ နည်းပါတယ်။ ကလေးသေးသေး လေးဘ၀ထဲက ရုံးကိုလိုက်သွားတယ် ဘယ်သူ့သမီးပါလို့ပြောတတ်တဲ့ မီးငယ်ကြောင့် အားလုံးက သားတယောက် သမီးတယောက်ရှိတဲ့သူလို့ပဲ သိကြပါတယ်။ နောက်မှပဲ ဒီအကြောင်းတွေ ဆက်ရေးပါမယ်လေ။

ဒီလိုနဲ့ပဲ မီးငယ် လေဆိပ်ဆင်းခဲ့ရပြီပေါ့။ မိသားစုကို နောက်ဆံမတင်းဖို့ တဖွဖွမှာနေရှာတဲ့ မေမေတို့ကို ကြည့်ရင်း မီးငယ် တချက်တောင် မျက်ရည်မကျအောင် ထိန်းထားနိုင်ခဲ့ပါတယ်။ လေယာဉ်ပေါ်ကို ရောက်တဲ့အချိန်မှာတော့ ထိန်းထားသမျှ သွန်ချမိပြီပေါ့။ ပထမဦးဆုံးမိဘကို ခွဲရတဲ့ ခရီးဖြစ်ပေမယ့် အဲ့ဒီ ခံစားချက်ထက် မိသားစုကို စိတ်ပူနေတဲ့ ခံစားချက်က ပိုနေပါတယ်။

နေစရာမရှိတော့တဲ့ မိသားစု.. သွေးပုလင်းတန်းလန်းနဲ့ ဆေးရုံပေါ်က ဦးလေး .. တလှည့်စီ မြင်ယောင်ရင်း မီးငယ် ရင်ပူရတဲ့ နေ့ရက်တွေကို ဖြတ်သန်းရပါတယ်။ ရှေးက ကုသိုလ်လို့ပဲ ပြောရမလား။ မီးငယ်ရဲ့ ဆုတောင်းတွေကပဲ ပြည့်သလားမသိပါဘူး။ တလလောက် ဆေးရုံကို တက်ပြီးတဲ့ နောက် ဦးလေး ကျန်းမာစွာနဲ့ ပြန်ဆင်းလာပါတော့တယ်။ အပြည့်အ၀ကျန်းမာတာကြီးလည်း မဟုတ်သေးလို့ ပြန်လည်ကုသမှုကတော့ တပတ်တခါ ခံယူရတုန်းပါပဲ။ မိသားစု စားဝတ်နေရေးအတွက်တောင် ပြန်ရုန်းကန် ရမယ့် အခြေအနေမှာ လူမမာ တယောက် အိမ်မှာ ရှိနေတော့ တော်တော်လေးကို ကြပ်တည်းခဲ့ရပေမယ့် မီးငယ် ရဲ့ အထိုက်အလျောက် ပြန်လည် ကျေးဇူးဆပ်နိုင်ခဲ့တာကြောင့် မိသားစု ပြန်အခြေကျလုနီးပါးဖြစ်လာခဲ့ရပါပြီ။

မီးငယ် ဒီနှစ် မေလမှာ ဂျပန်ရောက်တာ ၂နှစ်ပြည့်မယ်ပေါ့လေ။ အခက်အခဲကြုံတိုင်း မိဘကို ပြန်လည်လုပ်ကျွေး နိုင်တဲ့ သမီးကောင်းလေး ဖြစ်ပါစေလို့ အမြဲ ဆုတောင်းပါတယ်။ ပြည့်စုံတဲ့ မိသားစု မဟုတ်ရတဲ့ကြားထဲမှာမှ နာဂစ်ကြောင့် နာလန်မထူနိုင်အောင် ဖြစ်ခဲ့ရတာမို့ ဘ၀ကုသိုလ်ကံများပါခဲ့ရင်ပေါ့လေ .. မိသားစု ပျော်ရွှင် အေးချမ်းရတဲ့ဘ၀လေး တနေ့တော့ ရောက်လာဦးမှာပါလို့ အားတင်းရင်းနဲ့ပဲ ..

Monday, March 29, 2010

မီးငယ်နဲ့ နာဂစ်

မီးငယ် ဂျပန်လာဖို့အတွက်ကို ၂၀၀၈ခုနှစ်ဖေဖော်ဝါရီလမှာ ရွေးချယ်ခံခဲ့ရပါတယ်။ တကယ်တမ်းဗီဇာတွေစလုပ်ပြီး အတိအကျသတ်မှတ်ခံရတာက မတ်လထဲမှာပေါ့လေ။ ဧပြီ ၁ရက်နေ့မှာ ၀န်ထမ်းသစ်ခန့်အပ်ပွဲကို တက်ရောက်ဖို့ အတွက် ရက်သတ်မှတ်ပြီး လေယာဉ်လက်မှတ်ပါ စီစဉ်ပြီးကာမှ ဗီဇာက ကြန့်ကြာနေပြန်ပါတယ်။ ဗီဇာနဲ့ အကြောင်းကြောင်းတွေကြောင့် မေလထဲမှာ မှ သွားဖို့ရန်ဖြစ်သွားပါတော့တယ်။ သွားရတော့ပါမယ်ဆိုမှ အခက်အခဲက စတွေ့ရပြန်ပေါ့။

၂၀၀၈ခုနှစ် မေလ၂ရက်နေ့ ရန်ကုန်ရုံးခွဲမှာ ရုံးတက်နေရင်းနဲ့ မုန်တိုင်းသတင်းကို တောက်လျှောက်ကြားနေခဲ့ရပါတယ်။ တနေကုန်မိုးရိပ်တွေမြင်ပြီး မိုးတွေသည်းနေခဲ့ပေမယ့် ဂျပန်တွေပီပီ မကြောက်ကြပါဘူး။ မီးငယ်လည်း မုန်တိုင်းသတင်းကို တောက်လျှောက်သတင်းပို့ပေးနေခဲ့တာတောင် သူတို့က ကြုံနေကြပါဆိုတဲ့ ရုပ်တွေနဲ့ အေးဆေးပါတဲ့လေ ဆက်တိုက်ပဲ ဘယ်ဒေသမှာတော့ ပြိုကုန်ပြီ။ မြို့လိုက်ပျက်ကုန်ပြီ နဲ့ ကြားနေရလို့ ၀န်ထမ်းတွေစပြီး ကြောက်လာကြပါပြီ။ ဒါပေမယ့် ရန်ကုန်သတင်းတော့ ပါမလာသေးတာမို့ စိတ်ပူရုံကလွဲလို့ သိပ်တော့ မဖြစ်ကြပါဘူး။ တခါမှ မကြုံဖူးသေးတာလည်း ပါတာပေါ့လေ။ မိဘတွေဆီလည်း ဖုန်းဆက်ထားကြတာ လောက်ပါပဲ။ ရန်ကုန်ကိုလည်း ဖြတ်မယ် ကြားတယ်ပေါ့လေ။ မေလ၂ရက်နေ့ ညမှာပဲ ၀န်ထမ်းတွေပါတီက ရှိပါသေးတယ်။ အားလုံးမဟုတ်ပေမယ့် လူ၃၀လောက်စုလုပ်ရမယ့် ပါတီပွဲပါ။ ရွေးခံထားရတဲ့သူတွေကလည်း မတက်မနေရဆိုတော့ အားလုံးတက်ကြရမှာပါ။ မိုးတွေသည်းနေတော့ သိပ်မသွားချင်ပေမယ့် ရုံးကိစ္စဆိုတော့ သွားရပြန်ပြီပေါ့လေ။

ည၈နာရီခွဲလောက်မှာ မိုးက ပြင်းပြင်းထန်ထန် သည်းလာသလို လေတွေပါ စတိုက်လာပါတယ်။ အော် .. ဒါမုန်တိုင်းပါလာပေါ့. ဒီလောက်ပါပဲ။ တခါမှ မကြုံဖူးလို့ နည်းနည်း ထူးဆန်းနေတာလောက်ပါပဲ။ ဒါနဲ့ပဲ ည၁၀နာရီခွဲလောက် အိမ်ပြန်ရောက်ပါတယ်။ မီးငယ်နေတာက ၈လွှာရဲ့ အပေါ်ဆုံးထပ်မှာမို့ သာမန် မိုးရွာရင်တောင် မိုးကယိုလေ့ရှိပါတယ်။ ဘယ်လောက်ပဲ ပြန်ပြင်ပြင် ခေါင်မိုးပေါ်ကို စလောင်းတက်ပြင်တဲ့သူတွေရဲ့ ခြေရာကြောင့် ယိုတာပါပဲ။ မိုးယိုနေတာကို လိုက်သုတ်နေတဲ့ မေမေ့ကို ဖယ်ခိုင်းပြီး မီးငယ် လုံချည်တိုတိုဝတ်လို့ ရေသုတ်ရပါတော့တယ်။ မသုတ်ဘဲ အ၀တ်တွေနဲ့ ရေတားရင်လည်း အိမ်ထဲထိ စီးတာမို့ ရေသုတ်စက်နဲ့ မလုပ်လို့ကို မရတာပါ။ လက်နဲ့အ၀တ်နဲ့စုပ်ပြိး ညှစ်ရတာလည်း ကူရပါတယ်။ အေးနေပေမယ့် ပုံမှန်ထက်ကို ရွာနေတဲ့မိုးကြောင့် တညလုံးကို မအိပ်ရပါဘူး။

တဖြည်းဖြည်းနဲ့ သဲရာကနေ စဲလာပေမယ့် ကောင်းကင်ကြီးက ရဲတောက်နေတာပါပဲ။ အဘွားကတော့ ကြည့်ပြီး ပြောတယ် လေထန်ဦးမှာတဲ့လေ။ မနက်မိုးလင်းခါနီးမှာမှေးခနဲအိပ်ပျော်သွားပေမယ့် ၅နာရီခွဲလောက်မှာ ခေါင်မိုးက အိကနဲ ဖြစ်လာပါတယ်။ အရမ်းလန့်သွားကြတာပေါ့။ ရေကလည်းဘယ်လောက်သုတ်သုတ် မနိုင်တဲ့ အနေအထားဖြစ်လာပါတယ် :( အဲ့ဒီအချိန်မှာပဲ မေမေက နောက်ဖေးခနသွားချင်တယ်တဲ့လေ။ တရေးနိုး အပေါ့ထသွားတာပါ။ မေမေလည်း နောက်ဖေးရောက်ရော ၀ုန်းဆို အသံကြီးကြားလိုက်ရပါတယ်။ :O

မေမေရေ ဆိုပြီး အော်ပြီးပြေးလိုက်တာ မေမေက လေတွေအရမ်းတိုက်နေလို့တဲ့လေ နောက်ဖေးခန်းနဲ့ အိမ်လယ်ခန်း ခြားထားတဲ့ တံခါးကို ချက်ချသွားပြန်တယ် :O မေမေ့ကိုလည်း ခေါ်မရ မိုးတွေကလည်း ပြန်သည်းလာနဲ့ မီးငယ်တို့အိမ် ငရဲပွက်နေသလိုပါပဲ။ :( မေမေရေ မေမေရေ နဲ့ ဒုန်းဒုန်း ဆိုထုနေတုန်း အိမ်ရှေ့ခန်းမှာလည်း အမိုးက အိကနဲ ဖြစ်လာတာတွေ့လိုက်တာမို့ အရင်ဆုံး အဘွားကို ဆင်းပြေးခိုင်းရပါတော့တယ်။ အကိုကို အဘွားကို လက်ဆွဲလို့ ဆင်းပြေးတော့လို့ အော်လိုက်ပြီး မေမေ့ကို အော်ခေါ်နေရပြန်တာပေါ့။ အိမ်မှာမိသားစု အကုန်မှ ၅ ယောက်ထဲရယ်လေ။ :( ၁၅ မိနစ်လောက်အကြာမှာ မေမေထွက်လာပါတယ်။ အရမ်းကိုလန့်သွား တာက နောက်ဖေးမီးဖိုချောင်တခုလုံး လုံးဝမရှိတော့ဘဲ မေမေတယောက်ထဲ အန္တရယ်ကင်းကင်း ပြန်ထွက်လာ နိုင်တာပါပဲ။

အိမ်သာခန်းလေးတခုပဲ ကြမ်းပြင်ပေါ်မှာ ကွက်ကျန်ခဲ့ပါတယ်။ အမိုးတွေရော မီးဖိုချောင်ပစ္စည်းတွေ ရော နံရံတခြမ်းရော လေနဲ့ပါသွားခဲ့ပါပြီ :( မေမေ ပြန်ထွက်လာနိုင်မှပဲ ဟင်းချပြီး ငိုဖို့တောင် သတိမရ မေမေရေ ပြေးတော့လို့ပဲ အော်နိုင်ပါတယ်။ အဘွားကို အောက်ထပ်သွားပို့ ပြီး ပြန်လာတဲ့ အကိုရယ်၊ ပစ္စည်းတွေ ရသလောက် သိမ်းနေတဲ့ ဦးလေးရယ်က သတိတရနဲ့ မီးငယ်လေယာဉ်လက်မှတ်လို့ အော်ပြီး ပြေးယူရပြန်ပါတယ်။ ( ရုံးက၀ယ်ပေးထားတဲ့ လက်မှတ်မို့ နောက်တခေါက်လည်း ပြန်ဝယ်နိုင်တဲ့ အနေအထား မရှိဘူးလေ ) အဲ့ဒီအချိန်မှာပဲ ခေါင်မိုးကနေ တဖဲ့ဖဲ့နဲ့ ပြုတ်ကျလာနေပါပြီ။

မီးငယ် သွားဖို့ပဲ ရှိတော့တာမို့ လက်ဂေ့ခ်ျလည်း အဆင်သင့်ပြင်ပြီးသားပါ။ လပ်ဂေ့ခ်ျရယ် လေယာဉ်လက်မှတ်ရယ်ကို ဆွဲလို့ အကိုက ရှေ့ကနေပြေးဆင်းပါတယ်။ ၈ ထပ်ရဲ့ဘ၀ကလည်း မလွယ်ပါ့လားနော် :( ဦးလေးက ပစ္စည်းတွေသိမ်းနေရင်းနဲ့ နှစ်ခါ ၃ ခါချော်လဲပြီး ဖြူလျော်နေပါပြီ။ :( လူတွေ ဘေးကင်းရင်တော်ပြီဆိုတဲ့ ခံစားချက်လေးနဲ့ အခန်းကို လှည့်ကိုမကြည့်နိုင်တော့ပါဘူး။ ဒီလိုနဲ့ပဲ အောက်ထပ်က မိတ်ဆွေတွေဆီကို သွားကပ်နေရတဲ့ဘ၀ရောက်ပါ တော့တယ် :( တီဗွီက အစ ကွဲသွားတာမို့ မီးငယ်တို့ ဘ၀ အခြေပျက်တာပါပဲ။ နာဂစ်နဲ့ ဒီလောက်နဲ့တင်ပြီး မလားမှတ်ပါတယ်။ ဦးလေးရဲ့ အခြေအနေက တစတစ ဆိုးဝါးလာပြီး အားငယ်နေပုံလည်းရတာမို့ အဖျားတွေ လည်း တက်နေပါပြီ :( ဘယ်လိုမှ မရတော့တဲ့ အခြေအနေမို့၎ရက်မြောက်နေ့မှာ ဆေးရုံတင်ရပါတော့တယ်။

သွေးအားချင်းလိုတယ်လို့ ပြောတာနဲ့ မီးငယ်တို့ သွေးရှာထွက်ရပြန်ပြီပေါ့။ နာဂစ်ကြောင့် ဒဏ်ရာရတဲ့သူ တော်တော်များတာမို့ သွေးက လိုချင်သလို ရှာမရခဲ့ပါဘူး။ ရပ်ကွက်တကာ ဘုန်းကြီးကျောင်းတကာ အလှုခံထွက်ရပြန်ပါတယ်။ မီးငယ်က အေဘီ သွေးမို့ လိုတဲ့သူရှိရင်လည်း လှုပါ့မယ်လို့ ပြောရင်း နောက်ဆုံး ဦးလေး ရုံးက ၀န်ထမ်းတွေရောက်လာတော့ သွေးနှစ်ပုလင်း အဆင်ပြေသွားခဲ့ပါတယ်။ :( တရက်စာတော့ အဆင်ပြေပြန်ပြီပေါ့လေ။ နေ့တိုင်းသွင်းရမှာဆို တော့ မီးငယ်လည်း နီးစပ်ရာ သူငယ်ချင်းတွေဆီပြေးရင်း လွှားရင်း မီးငယ်ရဲ့ရုံးက ၀န်ထမ်းတွေလည်း ရောက်လာကြပါတယ်။ လိုရင်လှုပါ့မယ်တဲ့ ။ အေသွေးမို့ အေဘီသွေးလောက် ရှာရမခက်တာတောင် နာဂစ်ကြောင့် တော်တော်လေး ခက်ခဲရတာပါပဲ။ စိတ်ဓာတ်တွေ လည်း ကျလို့ အားငယ်နေရတဲ့ရက်တွေကို ဖြတ်သန်းရတော့တာပေါ့။

နေစရာနေရာကမရှိ ၊ အစားအသောက်ကျပြန်တော့လည်း ဈေးတွေက တအားကြီး ( ကြက်ဥတလုံး ၅၀၀ တဲ့ကွယ် - လူတွေရဲ့ မတော်လောဘတက်ပုံများ ) မီးငယ်လည်း ထမင်းတောင်ရဲရဲ မစားရဲပါဘူး။ အိမ်မှာ ကိုယ်က အငယ်ဆုံးလေ :( အဘွားရှိတာမို့ အစစအရာရာ အဘွားအတွက်ပဲ စဉ်းစားရင်း ဆေးရုံတက်နေတဲ့ လူမမာ အားမငယ်စေရေး မီးငယ်ပဲ ကြိုးစားရပြန်ပါတယ်။ အကိုကလည်း တမိသားစုလုံးအတွက် မားမားမတ်မတ်ရပ်တည်လို့ အစစ အရာရာ လိုက်လုပ်ပေးပေမယ့် မီးငယ်လည်း ဘယ်လိုမှ ထိုင်နေလို့မရဘဲ ကြိုးစားရပြန်ပါတယ်။

ရုံးက မီးငယ်ရဲ့ သူဌေး ( တကယ့်ကို မိဘလိုပဲမို့ ကျေးဇူးတင်ပါတယ် ) က အိမ်လိုက်လာပြီး လာကြည့်သွားပါတယ်။ မီးငယ်ကလည်း သွားရတော့မယ့်ရက်က သိပ်ကပ်နေပြီလေ။ ဒီလိုနဲ့ပဲ မီးငယ် စိတ်ပင်ပန်း လူပင်ပန်း မျက်ကွင်း ဟောက်ပက်နဲ့ မေလ ၁၂ ရက်နေ့မှာ ဂျပန်ကို လာခဲ့ရပါတော့တယ်။ လာတဲ့အချိန်မှာ ဦးလေးကလည်း ဆေးရုံပေါ်မှာပဲ ရှိသေးတာမို့ နေ့တိုင်း မျက်ရည်နဲ့ မျက်ခွက်ဖြစ်ခဲ့ရတာပေါ့လေ။ နောက်ပိုင်း ဆက်ဖြစ်တာတွေတော့ နောက်ပို့စ်တွေမှပဲ တင်ပါတော့မယ်။


မီးငယ်

မီးငယ်နဲ့ YUFL

ဂျပန်စာပထမနှစ်ကို UFL မှာ တက်နေရင်းနဲ့ မီးငယ် တဖက်က နေ BE ဘွဲ့ကို ယူဖို့လုပ်ရပါတယ်။ နှစ်ဖက်လုံးကို အပျက်မခံချင်တဲ့ မီးငယ် ပင်ပန်းတော့တာပါပဲ။ UFL က ကမာရွတ်မြို့နယ်ထဲမှာ ရှိပြီး ဘတ်စ်ကားဂိတ်ကနေ ၁၅ မိနစ်လောက်လမ်းလျှောက်ရပါတယ်။ တခုသက်သာသွားတာက ကျောင်းရှေ့မှာ ကားသေးသေးလေးတွေ ပြေးဆွဲနေတာ ရန်ကင်းထိ ရှိပါတယ်။ မီးငယ်ကတော့ အကိုတယောက်ရဲ့ ကားနဲ့ နေ့တိုင်းတာမွေထိ လိုက်ပို့ပေး တာမို့ ကျောင်းကို အဆင်ပြေပြေတက်နိုင်ခဲ့ပါတယ်။ ကျောင်းချိန်ကို ၁၅ မိနစ်လောက်စောထွက်လို့ တာမွေကို ကားနဲ့သွား ပြိးရင် သန်လျင်ကျောက်တန်းကားလေးကို စီးရပါတယ်။ တခါတလေလည်း တွယ်တောင်စီးရတဲ့ အခါမျိုးတွေ ရှိပါတယ်။ ( YUFL အကြောင်းပါဆို ဟိုဘက်ကျောင်းရောက်သွားပြန်ပြိ :D )

မီးငယ်နေတဲ့ အိမ်က ဗိုလ်တထောင်မှာမို့ ၄၈ ကားလေးဂိတ်ဆုံးနားမှာ ဆိုတော့ သွားရတာ အဆင်ပြေပါတယ်။ မနက် ၆ နာရီ ၄၅ ကနေ ၈နာရီ ၄၅ ထိ နှစ်နာရီပေမယ့် စာသင်ချိန် မများဘူးလို့ပြောလို့ရသလို တပတ်ကို ၅ ရက်မို့ မနည်းတော့လည်း မနည်းလှပါဘူး။ မီးငယ် ကျောင်းတက်ခဲ့ ရတဲ့ ကာလတလျှောက် ပျော်ခဲ့ပါတယ်။ Kanji တွေကို ကြိုးစားရေးပြီး စာအုပ်ထပ်တိုင်း ဆရာတွေဆီက ပန်းပုံလှလှလေးတွေ ရရင် ဘယ်လိုပျော်မှန်းမသိတဲ့အတွက် ပိုပိုလှအောင် ကြိုးစားရေးပါတယ် ( နည်းနည်းလှရင် အ၀ိုင်းလေးက သေးတော့ သိပ်မကြိုက်တာလဲပါပါတယ် :D ) အခွင့်သင့်ရင်တော့ မီးငယ် အိမ်မှာ ကျန်ခဲ့တဲ့ စာအုပ်တွေကို ဓာတ်ပုံရိုက်ပြီး တင်ပါဦးမယ်။ :)

မီးငယ်အတွက် တခုကံကောင်းတယ်လို့ ပြောလို့ရတာက ကျောင်းသားတိုင်းကြောက်ကြတဲ့ ခန်းဂျီးကို မီးငယ်က ကြိုက်တာပါပဲ။ ခန်းဂျီးရေးရတာ အရမ်းပျော်ပါတယ်။ လှတယ်လို့ ချီးကျူးခံရတာကို ပိုပျော်ပါတယ် :D ကျောင်းမှာလည်း စာသင်နှစ်တလျှောက် မီးငယ် အခန်း အီးစီ အဖြစ် တာဝန်ယူခဲ့ပါတယ်။ ဆရာဆရာမတွေကို တဖက်တလမ်းက ကူညီပေးချင်လို့ပါ။ သင်တန်းတွေနဲ့ မတူတဲ့အချက်က ပြင်ပသင်တန်းတွေမှာ တက်ကြတဲ့ ကျောင်းသားအများစုက ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲအတွက် အဓိကထားပြီး တက်ကြပါတယ်။

မီးငယ်တို့ YUFL မှာကတော့ အဲ့ဒီလိုသီးသန့် သင်တာမျိုးမရှိပါဘူး ( Reading, Grammer, Words, Listening, VIVA ) ဆိုပြီး ၅ ဘာသာ ဖြေရပါတယ်။ ပထမနှစ်စာသင်သက် ၃ လကနေစလို့ စာမေးပွဲတွေကို စဖြေရပါတယ်။ ဗိုင်ဗာဖြေရတဲ့ နေ့ဆိုရင်တော့ မီးငယ်တို့ ချွေးတလုံးလုံးပေါ့လေ ( ကြောက်ပြီးရင်တုန်နေတာ :D ) ကျောင်းသားတိုင်းလိုလို ဗိုင်ဗာလို့ခေါ်တဲ့ နှုတ်ဖြေကို ကြောက်ကြပါတယ်။ အဲ့ဒီထဲမှာမှ သဘောကောင်းတဲ့ဆရာမ ၊ နည်းနည်းတင်းကြပ်တဲ့ ဆရာ အဲ့လိုမျိုး ကိုယ့်ဘာသာသတ်မှတ်ထားတဲ့ ဆရာတွေကို သေချာစိုက်ကြည့်နေလို့ ကိုယ့်အလှည့်ဘယ်သူဖြစ်ပါစေဆိုပြီး ဆုတောင်းရတာလည်း အမောပါပဲ :D တကယ်တမ်းကျတော့ စာမေးပွဲ မဖြေခင်ထဲက အတန်းထဲမှာ အပတ်စဉ် ဗိုင်ဗာပုံစံမျိုးကို ဆရာတွေက လေ့ကျင့်ပေးပြီးသားပါ။ အဲ့ဒါလည်း စာမေးပွဲဆိုတဲ့ အရှိန်က ပါနေသေးတာပါပဲ။

တခြားဘာသာတွေ အဲ့ဒီလောက်မကြောက်ပါဘူး ( မသိလည်း ရမ်းတုတ်လို့ရတယ်လေ :D ) ဗိုင်ဗာကျတော့ ဆရာတွေရှေ့မှာ ငုတ်တုတ်လေး မှားသွားရင် အော်ခံရမှာလည်း ကြောက်ရသေးတယ် ( ကိုယ့်ဆရာ ဦးမင်းသုခ ရှေ့ဆုံးက :D ) ဆရာတွေကို ချစ်လည်းချစ် ကြောက်လည်းကြောက်ပါပဲ ( ချစ်ကြောက်ရိုသေ ဆိုတဲ့ထဲမှာ YUFL က ဆရာတွေ ပါပါတယ် ) ဆရာဆရာမတွေရဲ့ ချော့တခါ ချောက်တလှည့် သင်ပြပေးမှုတွေထဲမှာ မီးငယ် ဂျပန်စာကို ချစ်တတ်လာပါတယ်။ ဒါတောင် ပထမနှစ်တုန်းက ခန်းဂျီးဘာသာမှာ ပြောင်းပြန်တွေကြီးရေးလို့ အဆူခံခဲ့ရပါသေးတယ် အဟီး


ပြောင်းပြန်မှ တော်ရုံပြောင်းပြန်မဟုတ်ပါဘူး ( ဥပမာ - (ちず)ဆိုပြီး ဟိရဂနပေးထားတာကို အမှန်ရေးရရင် 地図 ဒီစာလုံးပါ။ ဒါပေမယ့်မီးငယ်ရေးတာ အဲ့လိုမျိုး (図地) ဟီးဟီး . ) စာမေးပွဲပြီး နောက်တနေ့ ဆရာက ရုံးခန်းလာတွေ့ဖို့ ခေါ်လို့ သွားတော့မှ အဆဲခံရတော့တာ .. ရေးထားတဲ့ ဆွဲချက်တွေ အကုန်မှန်ပြီး ခန်းဂျီးကို ပြောင်းပြန်ရေးလို့တဲ့လေ :( ဆရာတွေရဲ့ ကျေးဇူးတွေကို အမြဲ အမှတ်ရနေပါတယ်။ မီးငယ်က အပြင်မှာလည်း မသင်နိုင်ပြန်တော့ ကျောင်းတခုထဲကိုပဲ အားကိုးခဲ့ရတဲ့ ကျောင်းသားပါ။ ဒီလိုနဲ့ပဲ မီးငယ် ပထမနှစ်စာသင်နှစ်ကို အောင်မြင်စွာ ပြီးဆုံးလို့ ဒုတိယနှစ်ကျောင်းသားဘ၀ကိုရောက်ခဲ့ပါတယ်။

မီးငယ်တို့ကျောင်းမှာ Listening ( choukai ) ကို အပတ်စဉ်အဂါင်္နေ့တိုင်း လက်တွေ့ခန်းထဲကိုသွားလို့ ဗွီဒီယိုတကား ကြည့်ရပါတယ်။ ပြီးတာနဲ့ ဆရာက မေးခွန်းတွေပေးလို့ အိမ်စာအဖြစ် ဖြေရတော့တာပါပဲ။ သိပ်ခက်တဲ့ကားတွေဆို နားမလည်တာနဲ့ မီးငယ် ချာလည်ရမ်းတော့တာပဲ :D တော်ရုံကားတွေကိုတော့ နားလည်ပါတယ် ( ကိုယ်သတ်မှတ်တာ ဟိဟိ )

အဲ့ .. နားလည်ရဲ့သားနဲ့ ဒုက္ခရောက်တဲ့ ကားတွေကတော့ အများအားဖြင့် ဟာသကားတွေပါပဲ ( မီးငယ်က အရီသန်တယ်လေ ) လိုက်ရီနေတာနဲ့ အချက်အလက်တွေ ဘာမှမမှတ်လိုက်ရပါဘူး . တကယ်တမ်း ဆရာလည်း မေးခွန်းပေးရော စကားလုံးတွေ မမှတ်မိတာနဲ့ ချွေးပြန်တော့တာပါပဲ ( ဆရာပေးတဲ့မေးခွန်းတွေ ထဲမှာ သုံးသွားတဲ့ စာလုံးတွေကိုလည်း မေးတဲ့ မေးခွန်းတွေလည်း ပါပါတယ် ) ဟာသကားကို အစအဆုံး လိုက်ရီနေတာ ဘာမှကိုမမှတ်နိုင်တာပါ။ အဲ့ဒါဆိုလည်း အဆူခံရပြန်ရော :D

ဆရာကဆူလိုက် စာမေးပွဲက ဖြေလိုက် ကျောင်းကစာလေးတွေ ဟိုကျက်ဒီကျက်လုပ်လိုက်နဲ့ အဲ့ဒီနှစ် သူငယ်ချင်းတွေက ဂျပန်စာအရည်အချင်းစစ် စာမေးပွဲ လယ်ဗယ် ၂ ၀င်ဖြေတဲ့အချိန် မီးငယ် လယ်ဗယ် ၃ ပဲ ဖြေခဲ့ပါတယ် :D တခါထဲ အောင်ချင်တာလည်း ပါသလို အပြင်သင်တန်းဘာမှမတက်ထားတော့ မေးခွန်းပုံစံတောင် သေချာမသိလို့ပါ။ ကျောင်းက ဖတ်စာအုပ်တွေနဲ့ အပြင်သင်တန်းတွဲတက်တဲ့ သူငယ်ချင်းတွေအဖို့ အဆင်ပြေပေမယ့် မီးငယ်က ကျောင်းတခုပဲတက်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတာလည်းပါပါတယ် :D


ကျောင်းနှစ်ကျောင်းခွတက်နေတာလည်းပါပါတယ်။ မီးငယ် ဒုတိယနှစ်မှာတော့ BE ဘွဲ့လည်းရပြီး မာစတာ စတက်နေပါပြီ။ စာတွေများတာရယ်။ မီးငယ် အလုပ်လည်းစလုပ်နေပြီဆိုတော့ အချိန်တွေ ဘယ်လိုခွဲရမှန်းမသိအောင်ကို အလုပ်များခဲ့ပါတယ် ( မီးငယ်က လောဘလည်း အရမ်းကြီးတယ် လုပ်ချင်တာတွေ က တကယ့်ကိုများနေခဲ့တာလေ ) ဒါပေမယ့် မာစတာကို လှိုင်သာယာမှာ တက်ရပြီး UFL ကို ကမာရွတ် အလုပ်က MICT ထဲမှာဆိုတော့ မာစတာကို ဆက်မတက်နိုင်တော့ပါဘူး ( ဝေးတာတကြောင်း ကျောင်းတခုထဲနဲ့ အဆင်မပြေဘဲ ကျူရှင်ယူမှဆိုတဲ့ ကိစ္စလေးတွေ ပါလာတာတကြောင်း မို့ပါ ) ဒီလိုနဲ့ပဲ မီးငယ် YUFL Diploma Second Year ကျောင်းသူဘ၀ကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။

တတိယနှစ်ကိုရောက်လာပြန်ပေါ့။ တတိယနှစ်ကျောင်းသူဘ၀ကိုတော့ တပိုင်းတစနဲ့ပဲ မီးငယ် ရပ်ဆိုင်းခဲ့ရပါတယ်။ ဘယ်လိုတွေဖြစ်တယ်ဆိုတာတော့ နောက်ပို့စ်တွေမှပဲ တင်ပါတော့မယ်။ ဆရာဆရာမ တွေကို မီးငယ်သတိရလွမ်းဆွတ်လျှက်ပါ။ ဆရာဆရာမတွေရဲ့ ကျေးဇူးတရားကို ဦးထိပ်ထားလို့ အမြဲ ရှိခိုး ကန်တော့လျှက်ပါ။ ကျောင်းတော်မှာ ဂရုတစိုက်စောင့်ရှောက်ပေးခဲ့တဲ့ အကို၊ သူငယ်ချင်းများအားလုံးကိုလည်း သတိရနေလျှက်ပါ။

မီးငယ်နဲ့ ဂျပန်စာ

၂၀၀၅ခုနှစ်မှာ မီးငယ် BTech ( Information Techonology ) ဘွဲ့ကို ရလို့ အဲ့ဒီနှစ်ထဲမှာပဲ BE ကို ဆက်တက်နေခဲ့ပါတယ်။ မီးငယ်ရဲ့ တဦးထဲသော အကိုက နိုင်ငံခြားဘာသာသင်တက္ကသိုလ် ( YUFL )မှာ ဂျပန်ဘာသာအထူးပြု ( ဒီပလိုမာ ) နဲ့ အဲ့ဒီအချိန်မှာ ဒုတိယနှစ်ကျောင်းသား ဖြစ်လို့နေပါပြီ။

မီးငယ်လည်း တက်ချင်စိတ်တွေ တဖွားဖွား ဖြစ်လာတော့ပေါ့လေ ။ အဟီး... ဂျပန်စာယူဖို့ကို ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ အဲ့ဒီမတိုင်ခင် တခြားဘာသာစကားကို လေ့လာနေခဲ့တာလည်း ပါတာပေါ့လေ။ တကယ်တမ်း ဆက်တက်မယ် ဆိုရင် ကိုယ်ရထားခဲ့ ကိုယ် အတော်အသင့်ကျွမ်းကျင်နေတဲ့ ဘာသာစကားတွေထဲက ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် မီးငယ် ပြန်စဉ်းစားကြည့်တယ်။ ၄နှစ်ဒီပလိုမာဆိုတော့ ၄နှစ်စာ စာအုပ်ဖိုးတွေ သင်ထောက်ကူပစ္စည်းတွေ မီးငယ်လုပ်ရတော့မယ်။

ကိုယ့်မိသားစုက အဲ့ဒီအချိန်မှာ တော်တော်လေး ကြပ်တည်းနေခဲ့တဲ့အချိန်ပါ။ ကိုယ်တိုင်ကလည်း အင်ဂျင်နီယာဘွဲ့ ( BE ) ကို ရဖို့အတွက် ကြိုးစားရဦးမယ်ဆိုတော့ မီးငယ် သေချာစဉ်းစားကြည့်မိတယ်။ တ၀က်တပျက်နဲ့ ဆက်မတက်နိုင်တော့တဲ့ အခြေအနေများ ဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲပေါ့လေ။ အကိုကလည်း ဂျပန်စာတက်နေတာမို့ သူတက်နေတဲ့ ဘာသာကို ဆက်ယူရင် အနည်းဆုံးတော့ ငါ ဖတ်စာအုပ်ဖိုး သက်သာတယ်ပေါ့လေ ( အတွေးက ကြီးကြီးမားမား :D ) အဲ့ဒါနဲ့ပဲ မီးငယ် တထိုင်ထဲ ဆုံးဖြတ်လိုက်ပြီး Form တင်တဲ့နေ့မှာတော့ အထူးပြုဘာသာစကား-ဂျပန် ဆိုပြီး ဖြည့်စွက်လိုက်ပါတယ်။ အင်္ဂလိပ်စာနဲ့ အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုရပေမယ့် သိပ်အခက်အခဲ မရှိလှဘဲ ဖြေဆိုနိုင်ခဲ့ပြီး တက်ရောက်ခွင့်ရခဲ့ပါတယ်။ ဒီလိုနဲ့ပဲ မီးငယ် ဂျပန်စာ သင်ဖို့ဖြစ်လာတယ်ဆိုပါတော့။


မီးငယ် စပြီး ဂျပန်စာ စသင်ယူခဲ့မိတဲ့ နေ့ကစလို့ စိတ်ဝင်စားသွားခဲ့တော့တာပါပဲ။ မီးငယ် ဘာသာစကား သင်ရတာ အရမ်းစိတ်ဝင်စားပါတယ်။ သေချာအသေးစိတ်သင်ပြပေးတဲ့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်က ဆရာဆရာမများ အားလုံးကို ဦးထိပ်ထားလျှက် ကျေးဇူးတရားတွေကို အမြဲအောင့်မေ့တမ်းတနေပါတယ်။

မီးငယ်