Saturday, February 18, 2012

အုန်းနို့ခေါက်ဆွဲစားကြမယ် ..

အုန်းနို့ခေါက်ဆွဲ

၁.အုန်းနို့
၂.ကြက်သား
၃.ပဲမှုန့်
၎.ကြက်သွန်ဖြူ
၅.ကြက်သွန်နီ
၆.ဆီ
၇.ကြက်သားမှု့န်


- ပထမဦးဆုံး ကြက်သားကို ဆားနနွင်း၊ ကြက်သားမှုန့်၊ ငရုတ်သီးစိမ်းမှုန့်ု့နဲ့နယ်ပါ။
- ပြီးရင် ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသတ်ပေးပါ။
- ပုံမှန်ကတော့ ကြက်သွန်နီ။ကြက်သွန်ဖြူကို ငရုတ်သီးမှုန့်နဲ့ ဆီသတ်လေ့ရှိပေမယ့် ကျွန်မကတော့ ကြက်သားမှာပဲနယ်ပါတယ်။
- ပတ်ဝန်းကျင်ကို ငရုတ်သီးကြော်ညှော်နံ့သက်သာအောင်ရယ်၊ ဆီအပူလွန်ပြီး ငရုတ်သီးတူးတဲ့ ဘေးက ကာကွယ်ပြီးသားဖြစ်အောင်ရယ်ပါ :d
- အဲ့ဒီအပြင်ကြက်ရိုးကိုလည်း တအိုးပြုတ်ထားပါသေးတယ်။ အုန်းနို့ခေါက်ဆွဲထဲက ကြက်ရိုးကို အရမ်းကြိုက်လို့ပါ.. အချိုအနေနဲ့လည်း ကြက်ရိုးပြုတ်အရသာပါပေါင်းထည့်ပေးထားမို့ ပိုအဆင်ပြေပါတယ်။
- ပြီးရင် ဆီသတ်ထားထဲ့အိုးထဲကို ကြက်သားနယ်ထားတာတွေကို ထည့်ပြီး ရောမွှေပေးပါ။
- ကြက်သား လုံးပြီးသွားပြီဆိုရင်တော့ အုန်းနို့ပါ ထည့်မွှေပေးပါ။ အုန်းနို့ကတော့ အကြိုက်နဲ့လိုက်ပြိး လိုတိုးပိုလျော့ထည့်ပေးနိုင်ပါတယ်။
- အုန်းနို့အစား နို့စိမ်းလည်း ထည့်လို့ရပါတယ်။
- ပဲမှုန့်၁ဗူးကိုရေ ၇ဗူး (ရေအစိမ်း) ထည့်ပြီး ပဲမှုန့်တွေ ပျော်တဲ့အထိဖျော်ပေးပါ…အရည်ကျဲကျဲဖြစ်တဲ့ထိ ဖျော်ပေးဖို့ မမေ့ပါနဲ့.
- ပြီးရင် မီးဖိုပေါ်မှာ မီးပြင်းပြင်းနှင့်ပွက်လာသည့် အထိ ကျိုပါ
-ပူလာရင် ပဲရည်ပျစ်လာမှာဖြစ်ပါတယ်.. ကျဲကျဲကြိုက်ရင် ရေနွေးရောပေးလိုက် အဆင်ပြေပါတယ် ( ဧည့်သည်လာရင်လည်း ရေနွေးထည့်လိုရပါတယ် .. :d )
- ပဲရည်ပွက်ပွက်ဆူလာရင်တော့ မီးလျှော့ထားပြီး ခုနကကြက်သားဆီသတ်ထည့်ပြီး ဆူပွတ်လာသည့်အထိ မွှေပေးပါ
- ကြက်ရိုးပြုတ်တွေကိုလည်း ထည့်ပေးဖို့ မမေ့ပါနဲ့ဦး
- ငါးဖယ်၊ ငုံးဥ၊ ပဲပြား၊ ဘဲသွေး ဟင်းရည်အိုးထဲ ထည့်နိုင်ပါတယ်
- ဟင်းအိုးဆူလျှင် အုန်းနို့ခေါက်ဆွဲ ကျက်ပါပြီ။
- ရှောက်သီးစိတ်လေးတွေရယ်၊ ကြက်သွန်နီစိမ်းပါးပါးလှီးထားတာတွေရယ်နဲ့ တွဲဖက်စားရင်တော့ အင်မတန်အရသာရှိတဲ့ အုန်းနို့ခေါက်ဆွဲလေးဖြစ်ပြီပေါ့။
- အုန်းနို့ခေါက်ဆွဲပေါ်ကနေ တင်ဖို့ မုန့်ကြွပ်ဝါလေးတွေရယ်။ ဘူးသီးကြော်၊ ပဲကြော်၊ စသဖြင့် ကိုယ်နှစ်သက်ရာနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

Monday, February 13, 2012

ချစ်သူများနေ့အတွက် ကျွန်မရဲ့ ရင်ခုန်သံတပိုင်းတစ

ချစ်သူများနေ့အတွက်ကျွန်မချစ်သူကို ဘာပေးရရင် ကောင်းမလဲလို့ ကျွန်မအတွေးတွေနယ်ချဲ့နေမိခဲ့တယ်။
တွေးရတာလည်း အခက်သားလား။ ကျွန်မချစ်သူက သူများတွေနဲ့မတူ တမူထူးခြားတဲ့ အကျင့်တမျိုးနဲ့သူလေ။
ချစ်သူများနေ့ဆိုတာ အရေးကြီးလို့လား။ အဲ့ဒီနေ့တရက်ပဲ ချစ်ပြရမှာလားဆိုတဲ့ တမင်အရွဲ့တိုက်တာ မဟုတ်ရင်တောင် ကျွန်မ လှုပ်လှုပ်ရှားရှားဖြစ်နေတာကို ကြည့်မရပုံ ပေါ်ပါတယ်။

ခပ်ရိုးရိုးနေတတ်ပြီးRomanticဆန်တဲ့ Surprise ဆိုတာမျိုးကိုလည်း ဘယ်လိုမှ မလုပ်တတ်တဲ့ လူတယောက်ပေါ့။ အမှတ်တရနေ့မှာ လက်ဆောင်ပေးရင်တောင် အသုံးဝင်မယ့်ပစ္စည်းမျိုး၊ ကျွန်မတကယ်လိုအပ်နေတဲ့ပစ္စည်းမျိုး၊ ဒါမှမဟုတ် ကျွန်မအတွက် ရှိသင့်တယ်လို့ထင်တဲ့ပစ္စည်းမျိုး ( ဥပမာ ပြောရရင် အေးတဲ့အရပ်ဒေသမှာနေထိုင်ပြီး အတွင်းအပူအကျီင်္ဝတ်ရတာကို အသက်ရှုကြပ်တယ်လို့ထင်တတ်တဲ့ လူ့ကန့်လန့် ကျွန်မအတွက် အနွေးအကျီဝယ်လာပေးတာမျိုးပေါ့ ။ကျွန်မမှ တခါမှ မ၀တ်ဘဲ မကြိုက်တဲ့အရာပေမယ့် ခနခနအအေးမိတဲ့ ကျွန်မအတွက် လိုအပ်နေတာ အမှန်။သူဝယ်ပေးတော့လည်း ၀တ်ရတော့တာပေါ့။ ကိုယ့်ဘာသာဆို ဘယ်လိုမှဝတ်ဖြစ်မှာမဟုတ်တဲ့ ပစ္စည်းပေမယ့် သူဝယ်လာတော့ သုံးရတာပေါ့လေ။ ) ကျွန်မမကြိုက်တဲ့ပစ္စည်းပေမယ့် သူဝယ်ပေးလာတဲ့အခါ စူပုတ်စူပုတ်နဲ့ သုံးရင်းနဲ့ သုံးတတ်သွားတော့တာပါပဲ။ အမှတ်တရနေ့တွေမှာလည်း ကျွန်မက နှင်းဆီပန်းလေးဖြစ်ဖြစ်၊ အရုပ်ကလေးဖြစ်ဖြစ် သူ့ဆီက မျှော်လင့်ရင်တောင် အသုံးမ၀င်ဘဲပိုက်ဆံဖြုန်းရာရောက်တယ်လို့ အတွေးရှိတဲ့သူနဲ့ကျွန်မ ရန်ဖြစ်ရတာ ခနခနပါပဲ။

အဲ့ဒီလိုအတွေးတွေနဲ့ ခံယူချက်ရှိတဲ့ ကျွန်မချစ်သူအတွက် ဘာပေးရင်ကောင်းမလဲဆိုတာ၊ တကယ်လည်း သုံးလို့ရရမယ်။ သူ့တယောက်ထဲအတွက် အမှတ်တရလည်း ဖြစ်ရမယ်ဆိုတဲ့ အကြံနဲ့ပေါ့။
သုံးရက်လောက် အကြံဥာဏ်တွေပေါင်းစုံထုတ်ပြီးတဲ့နောက်မှာတော့ အကြံတခုရလာပါတော့တယ်။ အဲ့ဒါကတော့ ကျွန်မကိုယ်တိုင် သူ့အတွက်အမှတ်တရ လက်ဆောင် လုပ်ပေးမယ်ဆိုတာပါပဲ။
အကြံရပြီးပြီးချင်း ကျွန်မအားကိုးနေကျ ဂူးဂယ်လိုက် .. youtube ကြည့်လိုက်နဲ့ တော်တော်လေး အလုပ်များခဲ့ပါသေးတယ်။ နောက်ဆုံးမတော့ သူများတွေ စပယ်ရှယ်လုပ်ထားတဲ့ ဒီဇိုင်းတွေကိုတော့
ဘယ်လိုမှ မီအောင်လုပ်နိုင်မှာမဟုတ်တာသေချာတဲ့ ခပ်တုံးတုံးကျွန်မ ကိုယ်ပိုင်ပဲ လုပ်တတ်သလို လုပ်မယ်ဟေ့ဆိုပြီး စူပါကို သွားခဲ့ပါတော့တယ်။

ဟော .. စူပါရောက်ပါပြီ။ မြတ်စွာဘုရား .. ဂျပန်လိုတွေအသုံးအနှုံးတွေနဲ့ပဲ ရေးထားတဲ့ မုန့်လုပ်တဲ့ ကောင်တာကိုအရောက်မှာတော့ ငိုချင်စိတ်ကိုပေါက်ပါတော့တယ်။ ကျွန်မစဉ်းစားတွေးထားခဲ့တာက ကွတ်ကီးလုပ်မယ်ပေါ့၊ ချော့ကလက်လုပ်မယ်ပေါ့။ ခပ်တည်တည်နဲ့ ကောင်တာအရောက်မှာ အမျိုးအမည်စုံလှတဲ့ မုန့်ဖုတ်အမယ်တွေ တွေ့ရပြီး ကျွန်မခေါင်းတောက်အောင် ရှာရပါတော့တယ်။ ကွန်ပျူတာတလုံးနဲ့ ဘ၀တခုဖြစ်နေတဲ့ကျွန်မ ကွန်ပျူတာအသုံးအနှုံးကလွဲရင် ဘာမှမသိတာအမှန်။ အဲ့ဒါနဲ့ပဲ ကျွန်မထင်ရာမြင်ရာ ( သေချာလောက်တာ ) ရွေးပြီး ကောက်ထည့်လာခဲ့တာပေါ့။ ( ဘယ်ရမလဲ.. လုံးဝအရှုံးမပေး.. ဟိဟိ )

ကွတ်ကီးလုပ်တဲ့အမှုံ့ဗူးကတဗူး၊ Baking Power က တဗူး၊ ချော့ကလက်လုပ်တဲ့ချော့ကလက်အစိမ်းပြားက တတောင့်၊ ပုံလုပ်တဲ့ ခွက်ကလေးက လေးခု၊ သကြားအမှုန့်နုနုလေးတွေက တထုပ်၊ချော့ကလက်အခဲလေးတွေ တထုပ်၊ အလှဆင်တဲ့ အရောင်စုံ သကြားမုန့်တွေက လေးထုပ်၊ ( အမလေး ထင်ရာမြင်ရာစွတ်ဝယ်တာ သုံးလိုက်ရတာက နည်းနည်းလေး .. ဟီးး ) ကိတ်မုန့်အလှလုပ်နည်းစာအုပ်တွေ့လို့ကောက်ထည့်လာသေး ... နွားနို့ကတဗူး၊ မုန့်လုပ်တဲ့ မာဂျရင်းက တဗူး၊ ကြက်ဥကတကဒ်၊ ကွတ်ကီးလုပ်ပြီးရင် မိုက်ကရိုဝေ့ဖ်ထဲထည့်ခါနီး အောက်ကခံတဲ့ စက္ကူက တလိပ်၊ စက္ကူပေါ်မှာ မုန့်မကပ်အောင်ဖြူးတဲ့အမှုန့်က တထုပ်။ မုန့်ဖျော်ဖို့အတွက် ဖန်ပန်းကန်က တလုံး ( အကြီးမရလို့ အလတ်စားဝယ်လိုက်တာ မွှေမရလို့ အိမ်မှာရှိတဲ့ဟာနဲ့ပဲ သုံးလိုက်ရပါရောလား .. ဟီးး) စုံလိုက်တဲ့ အမျိုးအမည်တွေ၊ စူပါထဲကအထွက်မှာတော့ ကျွန်မလက်နှစ်ဖက်ကို အထုတ်တွေအပြည့်ပါပဲ။

အိုကေ . ဒါနဲ့ ကျွန်မအတွက် ပစ္စည်းတွေ စုံပြီပေါ့။ ကျွန်မရဲ့ ချစ်သူအတွက် မုန့်လုပ်ခြင်း လုပ်ငန်းကြီး စတင်ပါပြီ။ ကျွန်မအတွက် ပထမဆုံးစလုပ်တဲ့မုန့်ဖြစ်တာကြောင့် ကျွန်မလိုပဲ ကြံစည်ပြီးလုပ်ကြည့်ရင်ကောင်းမလား ဆိုတဲ့သူတွေအတွက် တိုက်တွန်းရင်း ကျွန်မရဲ့ မဟာအကြံအစည် မုန့်လုပ်နည်းကြီးကို လိုက်လုပ်ကြည့်ချင် ကြည့်ကြပေါ့နော် :D ( မုန့်လုပ်နည်းတွေရဲ့ လမ်းအတိုင်း လုပ်ထားတာ မဟုတ်ဘဲအဆင်ပြေသလို လုပ်ထားတာ ဖြစ်တဲ့အတွက် စပယ်ရှယ်လစ်စ် မမတို့ ကိုကိုတို့ ဦးဦးတို့ ဒေါ်ဒေါ်တို့ ခွင့်လွှတ်ကြပါကုန်။)

ပထမဦးဆုံး မုန့်ဖျော်တဲ့ပန်းကန်ထဲကို ကွတ်ကီးမှုန့်တွေ ဖောက်ထည့်ပါတယ်။
အဲ့ဒီအချိန်မှာပဲ မာဂျရင်းကို ထမင်းစားဇွန်း နှစ်ဇွန်းစာလောက် လှီးထုတ်ပြီး ခွက်တခုထဲထည့် မိုက်ခရိုဝေ့ဖ်ထဲမှာ ခပ်နွေးနွေးလေး အပူပေးပြီး ဖျော်လိုက်ပါတယ်။
အဲ့ဒီကနေရလာတဲ့ မာဂျရင်းကို ကွတ်ကီးမှုန့်တွေထဲလောင်းထည့်၊ ကြက်ဥတလုံး ကိုဖောက်ပြီး ခေါက်ထည့်၊ နွားနို့နည်းနည်းလောင်းထည့်နဲ့ ... ခေါက်တဲ့အတံလေးကိုယူပြီး ခေါက်ကြည့်တဲ့အခါ နည်းနည်းကျဲသွားပါရောလား။ အဲ့ဒါနဲ့ကမန်းကတန်း ကွတ်ကီးမှုန့်ထပ်ထည့်ပြီး သေချာထပ်ခေါက်ကြည့်တော့ မုန့်လုပ်လို့ရတဲ့အနေတော်လေးရပါပြီ။ ကွတ်ကီးပုံသွင်းတဲ့အသဲပုံလေးထဲနဲ့ နယ်ထားတဲ့ကွတ်ကီးတွေပေါ်မှာ ပုံလှီးကြည့်လိုက်တော့ အသဲပုံ ပုံလှလှလေးတွေရလာပါတယ်။ မိုက်ခရိုဝေ့ဖ်ထဲကအောက်ခံပြားကိုယူ၊ အပေါ်ကနေ ကွတ်ကီးအောက်ခံစက္ကူလေးကိုခင်းပြီး မုန့်မကပ်အောင်ဖြူးတဲ့အမှုန့်ကိုနည်းနည်းဖြူး။ ကွတ်ကီးလေးတွေတင်လိုက်ပါတယ်။ မုန့်လုပ်နည်းမှာ ၁၂မိနစ်လို့ရေးထားပေမယ့် တူးသွားမှာကြောက်တဲ့ကျွန်မ ၈မိနစ်ပဲထားပြီး ကွတ်ကီးစဖုတ်ပါတော့တယ်။ နောက်တဖက်မှာလည်း ချော့ကလက်အစိမ်းတောင့်ကို မုန့်ဖုတ်ခွက်ထဲထည့်ပြီးမိုက်ခရိုဝေ့ဖ်ထဲခနထည့်ပြီးမွှေပေးတဲ့နောက်မှာတော့ပုံဖော်ဖို့ ချော့ကလက်အနှစ်လေးရလာပါပြီ။
၈မိနစ်ပြည့်လို့ရလာတဲ့အချိန်မှာတော့ အပြင်ကိုတခေါက်ထုတ်ပြီး ချောကလက်အနှစ်နဲ့ ကျွန်မလိုချင်တဲ့စာသားလေးတွေရအောင် စုတ်တံလေးထဲထည့်ပြီး ပုံဖော်လိုက်ရာမှာတော့ ကျွန်မလိုချင်တဲ့ပုံလေးတွေ ရလာပါတော့တယ်။ ( ကိုယ်တိုင်လုပ်တဲ့မုန့်ကို ကိုယ်တိုင်သဘောတွေကျနေတာ ဘယ်သူရှိမလဲ .. ကျွန်မပေါ့ :D )

နောက်တကြိမ် မိုက်ခရိုဝေ့ဖ်ထဲကို နှစ်မိနစ်ပြန်ထည့်အပြီးမှာတော့ အနံ့အရသာနဲ့ပြည့်စုံတဲ့ ဗယ်လင်တိုင်းကွတ်ကီးလေးတွေရပြီပေါ့ ....

အဆင့်ဆင့်လုပ်နေတုန်းကစိတ်ထဲမယ်စိုးရိမ်စိတ်ရှိတာတကြောင်း၊ ကင်မရာကိုင်ဖို့လက်ကမအားတာ တကြောင်းတို့ကြောင့်ရလာတဲ့ကွတ်ကီးလေးတွေကိုပဲ ဓာတ်ပုံရိုက်နိုင်ပါတော့တယ်။

ကျွန်မရဲ့ ချစ်ခြင်းအားဖြင့် ချစ်သူများနေ့မှာ ကျွန်မသိပ်ချစ်ရတဲ့သူ ပျော်ရွှင်ကြည်နူးနိုင်ပါစေ ...

( သူ့ကိုပေးလိုက်တဲ့အချိန်ရဲ့ ကျွန်မရဲ့ခံစားချက်ကို နောက်တပို့စ်မှာမှ တင်တော့မယ်နော် )

Monday, February 6, 2012

ပြည်ကြီးငါးသုပ်



လိုအပ်သည့် အရာများ ..

(၁) ပြည်ကြီးငါးတကောင်
(၂) ပဲကြာဇံအနည်းငယ်
(၃) သခွားသီး သုံးပုံတပုံ ( အလုံးသေး )
(၄) ငရုတ်သီးစိမ်းနှစ်တောင့် ( အကြီး )
(၅) အသားမှုန့်အနည်းငယ်
(၆)ဆားအနည်းငယ်
(၇)ပဲငံပြာရည်အကြည် တဇွန်း
(၈)ဆလပ်ရွက် နှစ်ရွက်
(၉)ခရမ်းချဉ်သီးတလုံး
(၁၀) သံပုရာသီး

ပြည်ကြီးငါးတကောင်ကို ရေစင်စင်ဆေးပြီး အကွင်းလေးတွေဖြစ်အောင်လှီးထားပါ။ အကွင်းအဖြစ်လှီးလို့မရတဲ့ အမြီးပိုင်းကိုတော့ ဒီတိုင်းပဲ အပိုင်းလိုက်ထားပါ။ ပြည်ကြီးငါးတွေ လှီးပြီးပြီိဆိုရင်တော့ ဆားအနည်းငယ်နဲ့ အသားမှုန့် အနည်းငယ် ထည်ပြီး ပြုတ်ပေးပါ။
ပြည်ကြီးငါးကို အရမ်းနူးအိနေအောင်ပြုတ်စရာမလိုဘဲ အနေတော်လေးခပ်မာမာလေး အနေအထားမှာ ချပေးပါ။ နူးအိမနေခင်အနေအထား ဟုတ်မဟုတ် ခက်ရင်းလေးနဲ့ ထိုးပြီး ကြည့်နိုင်ပါတယ်။
ပြည်ကြီးငါးရဲ့ အမြီးပိုင်းလေးတွေကို သေးသေးလေးဖြစ်အောင် နုတ်နုတ်လေးလှီးပေးပါ။ သခွားသီးကိုလည်း အ၀ိုင်းလေးတွေရအောင် ၆ ၀ိုင်း ၇၀ိုင်းလောက်လှီးထားပေးပါ။ ကျန်တဲ့သခွားသီးကိုတော့ အသေးလေးတွေဖြစ်အောင် လှီးထားပေးလို့ရပါတယ်။
ုငရုတ်သီးစိမ်း ( ဒီမှာတော့ ငရုတ်သီးအနီပဲဝယ်လို့ရလိုက်တာမို့ အနီလေးနဲ့ သုပ်လိုက်ပါတယ် ) ကို အနီတတောင့် အစိမ်းတတောင့်ထည့်နိုင်ရင် ပိုလှပါတယ်။ ငရုတ်သီးစိမ်းရဲ့ အစပ်ပမာဏပေါ်မူတည်ပြီး လိုတိုးပိုလျော့ ထည့်ပေးပါ။
ခရမ်းချဉ်သီးကိုလည်း ပါးပါးလေးလှီးထားပေးပါ။ ပြည်ကြီးငါး၊ သခွားသီး အစရှိတာတွေကို လှီးနေတုန်းမှာပဲ ရေနွေးပူပူတအိုးတည်ထားပေးပါ။ ရေနွေးဆူလာတာနဲ ပဲကြာဇံကို ထည့်ပြီး ပြုတ်ပေးပါ။
နှစ်မိနစ်လောက် ရေနွေးထဲထည့်ပြုတ်ပြီးတာနဲ့ ရေအားလုံးကိုသွန်ချပြီး ရေအေးအေးလေးနဲ့ ဆေးလိုက်ပါ။
ရေခဲရေနဲ့ဆေးလည်းရပါတယ်။ အားလုံးပြင်ဆင်ပြီးတာနဲ့ ဇလုံတခုထဲမှာ လှီးထားတဲ့ ပြည်ကြီးငါးတွေရယ်။ ပဲကြာဇံတွေရယ်။သခွားသီးအသေးလေးလှီးထားတာတွေရယ်၊ငရုတ်သီးစိမ်းရယ်၊ခရမ်းချဉ်သီးလှီးထားပြီးသားတွေရယ်၊ ပဲငံပြာရည်အကြည်တဇွန်းရယ်၊ ဆားအနည်းငယ်ရယ် အသားမှုန့်အနည်းငယ်ရယ်ကို ရောပြီး သံပုရာသီးတခြမ်းကို ညှစ်ထည့်ပြီး နယ်ပေးပါ။ အရမ်းကြီးနယ်စရာမလိုဘဲ ခပ်ဖွဖွလေးနယ်ပေးရုံနဲ့ရပါပြီ။
ပန်းကန်ပြားတချပ်မှာ ဆလပ်ရွက်နှစ်ရွက်ကိုလှအောင် တင်ပြီး အဲ့ဒီအပေါ်မှာ နယ်ထားတဲ့ပြည်ကြီးငါးသုပ်ကိုထည့် ၊ ပြည်ကြီးငါးသုပ်ထဲက ပြည်ကြီးငါးအကွင်းလေးတွေကို အပေါ်မှာတင်၊ ပန်းကန်ဘေးပတ်လည်မှာ ကျန်နေတဲ့ သခွားသီးလှီးထားတဲ့အ၀ိုင်းလေးတွေကိုတင်ပေးရင်ရပါပြီ။ လွယ်လည်းလွယ်ကူ ၊ မြန်လည်းမြန်ဆန်တဲ့ အသုပ်ဟင်းလျာတမျိုးပါ။

Friday, September 2, 2011

အိခေးဘန ( မိုရိဘန )

ဒီနေ့အတွက်တော့ ဂျပန်ရိုးရာ ပန်းအလှပြင်နည်းဖြစ်တဲ့ အိခေးဘနလို့ လူအများသိကြတဲ့
ပန်းထိုးနည်းတွေ များစွာရှိတဲ့အထဲက မိုရိဘန လို့ခေါ်တဲ့ ပန်းအလှပြင်နည်းလေးနဲ့ မိတ်ဆက်ပေးပါ့မယ် ။



ဒီအပေါ်ပုံလေးကတော့ သူ့ရဲ့ အခြေခံအကျဆုံးပုံလေးပါပဲ ... ကိုယ်ကတကယ်လို့ ခွက်သုံးမယ်ဆိုရင်လည်း ခွက်ထဲမှာ ဖော့ခံပေးပါ .. ပန်းထိုးနေကြဆိုရင်တော့ ဖော့ထုံးလေးတွေ အလွယ်တကူ ဆောင်ထားသင့်ပါတယ် ..
အပေါ်ပုံကတော့ ပန်းထိုးတဲ့အခါအမီပြုလို့ရအောင် စိုက်တဲ့ ပန်းစိုက်တံလေးတွေပါ ..
အဆင်ပြေရာ ၀ါးသို့မဟုတ် .. ပလတ်စတစ်ကိုသုံးလို့ရပါတယ် ...




အလည်တည့်တည့်မှာစိုက်ထားတဲ့တိုင်ရဲ့ သုံးပုံနှစ်ပုံလောက်ရှိတဲ့ နောက်ထပ် တိုင်တတိုင်ကို ထပ်ယူပေးပါ ..
ဘက်ဘက်ကို အလှဆင်ချင်ရင်တော့ ဘယ်ဘက်ကို ယူပါ ..
ညာဘက်ကလေးကို ဆန္ဒရှိတယ်ဆိုရင်တော့ ညာဘက်ကလေးမှ အဆင်ပြေပါမယ် ..
အိမ်တွေမှာ ကိုယ်ထားမယ့် နေရာအလိုက် အဆင်ပြေသလိုညှိပေးလို့ရပါတယ် ..




ဒါမှ တခြမ်းစောင်းလေးထက် ပန်းအုံလေးမျိုးပဲ လိုချင်ပါတယ်ဆိုရင်တော့ ဒုတိယစိုက်လိုက်တဲ့ တိုင်လေးရဲ့ သုံးပုံနှစ်ပုံလောက်ရှိတဲ့ တိုင်လေးတခု ထပ်ယူပြီး ပုံမှာပြထားတဲ့အတိုင်း စိုက်ပေးပါနော် ..



သတိပြုရမှာက ပန်းအစစ်ကို ထည့်တော့မယ်ဆိုရင် ကိုယ်ယူထားတဲ့တိုင်ထဲက အတိုဆုံးတိုင်ဘက်မှာ အခုလို အရှည်ပန်းပွင့်ကို ထားရမှာဖြစ်ပါတယ် .. ဘယ်ညာနှစ်ဘက်ကို သေချာလေ့လာကြည့်ရင် တွေ့နိုင်ပါတယ် ..




ဒီပုံလေးကတော့ ကျွန်မတို့ မြန်မာနိုင်ငံမှာဆိုရင် အလွယ်တကူ ရနိုင်တဲ့ ပိန်းပန်းနဲ့ .. ဒန်းစီးလေဒီလို့ အများခေါ်ကြတဲ့ ပန်းလေးနဲ့ .. ရွက်လှနဲ့ကို ရောထိုးထားတာပါ ....



ထိုးနည်းမခက်ပါဖူး ..... အကုန်အကျလည်းမများတဲ့ ပန်းအိုးလေးလို့ ထင်ပါတယ် ...
ဒီပန်းတမျိုးထဲမဟုတ်ဘဲ တခြားအမျိုးအစားလေးတွေ လည်း စမ်းသပ်ကြည့်ဖို့ အြ့ကံပေးပါ့မယ် ...

Saturday, August 27, 2011

ကလေးဘ၀ အမှတ်တရ ( ၁ )

ပထမဦးဆုံး စချက်ဖူးတဲ့ ဟင်းလေးတခွက်၊ မှတ်မိပါသေးရဲ့။
အပူလောင်မှာစိုးလို့ မေမေက မီးဖိုထဲတောင် မ၀င်ခိုင်းပေမယ့် တစက္ကန့်တောင် အညိမ်မနေနိုင်တဲ့အကျင့်လေးနဲ့ ကိုယ်။
သုံးတန်းနှစ်မှာ ဟင်းစချက်ဖူးပါတယ်။ မေမေချက်ရင် ဘေးကနေ လိုက်စပ်စုပြီး မှတ်ထားတတ်တဲ့ အကျင့်လေးကရှိတော့ ကိုယ့်ကိုယ်ကိုယ်တော့ အဟုတ်ပေါ့။
ပထမဦးဆုံး စချက်ဖြစ်တာ မှတ်မှတ်ရရ ဘဲဥချဉ်ရည်ဟင်း။
ဘဲဥကိုပြုတ်တယ်။ အခွံခွာတယ်။ ဘဲဥပြုတ်ထားတုန်းမှာ မန်ကျည်းသီးစိမ်းတယ်။ ငရုတ်သီး ကြက်သွန်ထောင်းတယ်။
နောက်ပုဇွန်ခြောက်ထောင်းတယ်။ ( အနော်တို့အိမ်မှာက ပုဇွန်ခြောက်ထောင်းပြီး ထည့်ချက်လေ့ရှိတယ်။ ထောင်းပြီးသား ပုဇွန်ခြောက်တ၀က်၊ အကောင်လိုက်တ၀က်ပေါ့ ) အဲ့လိုမျိုး ဟုတ်တိပတ်တိနဲ့ ပြင်ဆင်နေတော့ မေမေကလည်း ပြုံးပြုံးပြုံးပြုံးနဲ့ပေါ့။
အဲ့ဒါနဲ့ ဆီသတ် မန်ကျည်းသီးနှစ်လေးထည့်၊ ငံပြာရည်လေးထည့်၊ အချိုမှုန့်လေးထည့်၊ ကိုယ့်ဟာနဲ့ကိုယ်တော့ ဟုတ်နေတာ။
နောက် မေမေတို့ အိမ်ရှေ့ကနေစောင့်နော်၊ ဟင်းနံ့နံမယ်ပေါ့ .. အဟိ။
အဲ့ဒါနဲ့ မေမေတို့က အိမ်ရှေ့ခန်းကနေ စောင့်တာပေါ့နော်။
၁၅ မိနစ်နဲ့လည်း သူ့သမီး အိမ်ရှေ့မထွက်။ မိနစ် ၂၀ နဲ့လည်း ပေါ်မလာ။ နာရီဝက်နဲ့လည်း အသံမကြားနဲ့ စိတ်ပူပြီး နောက်ဖေးမီးဖိုချောင်ထဲ ပြန်ဝင်လာပါလေရော။
အဲ့ကျမှ မီးလေး ဘာလုပ်နေတာလဲလို့လည်း မေးရော ... ဘဲဥချဉ်ဟင်း ရေမခန်းသေးလို့ ထိုင်စောင့်နေတာတဲ့လေ ။
ဟီးးး ... တော်ချက်။
ဘဲဥချဉ်ဟင်းကို ရေတဖလားထည့်ပြီး ရေမခန်းမချင်းထိုင်စောင့်တာ နာကွ .. ဟိ . ဟိ

Wednesday, August 24, 2011

အမှတ်တရ ဆရာမ

ငယ်ငယ်လေးထဲက မိဘနဲ့မခြား ကောင်းခဲ့တဲ့ ဆရာဆရာမတွေနဲ့ တွေ့ခဲ့ဖူးသလို မှတ်မှတ်ရရ စိတ်ထဲမှာ ကျန်နေခဲ့တဲ့ ( အဲ့တုန်းကတော့ ဆိုးတယ်လို့ သတ်မှတ်ခဲ့တဲ့ ) ဆရာမတယောက် ရှိခဲ့ဖူးတယ်။ အထက်တန်းကျောင်းတူ သူငယ်ချင်းတွေ ဒီကျူးပစ်မှာ ရှိရင်တော့ အဲ့ဒီဆရာမကို သိကြမှာပါ။
ဆရာမက အပျိုကြီး၊ အရမ်းအရိုက်ကြမ်းတာ၊ အရမ်းပါးစပ်ကြမ်းတာကို သိပ်ဂုဏ်ယူတဲ့ဆရာမ၊ ဆံပင်ကို အမြင့်ကြီး ခေါက်တင်ထားပြီးတော့ ကြိမ်လုံးကြီးတရွှမ်းရွှမ်းနဲ့ပေါ့။

ကိုယ်ကလည်း ကျောင်းမှာ Top Ten စာရင်းဝင်၊ ဆရာဆရာမတွေက စာတော်လို့သာ ချစ်ကြတာ။ သိပ်အပိုးကျိုးလှတဲ့ ကျောင်းသားတယောက်တော့ မဟုတ်ခဲ့ဘူး။ မှန်တယ်ထင်ရင် ကန့်လန့်တိုက်တတ်တဲ့ ကျောင်းသားမျိုး။
ကျောင်းကဆရာ၊ဆရာမဆီမှာ ကျူရှင်တက်မှ အမှတ်ပေးမယ်လို့ ကြားတာနဲ့ လုံးဝအဲ့ဒီကျူရှင်သွားမတက်ဘူး။ ဘယ်လောက်ပဲ အသင်ပြကောင်းနေပါစေ။ မတက်ဘူးဆိုတဲ့ ကျောင်းသားမျိုး။
အဲ့ဒီတုန်းကတော့ ဆရာ၊ဆရာမတွေမှာလည်း စားဝတ်နေရေးကြောင့်ဆိုတဲ့ အတွေးမျိုးလုံးဝမတွေးတတ်ခဲ့တာအမှန်။
ဆရာမက စာအသင်အပြသိပ်တော်ပါတယ်။ ကျောင်းမှာလည်း သူသင်ပေးရင် အရမ်းကိုရှင်းလင်းသွားတာပါ။
သမိုင်းသင်တဲ့ဆရာမ၊ သမိုင်းဖတ်စာအုပ်ကို မကိုင်ဘဲနဲ့ကို သင်နိုင်တဲ့ဆရာမပါ။ ပြင်ပဗဟုသုတတွေပါ ရှင်းပေးပြီး သင်တဲ့ ဆရာမ။
ကိုးတန်း၊ဆယ်တန်းနှစ်နှစ် ဆရာမနဲ့သင်ခဲ့ရတယ်။ ကိုးတန်းနှစ်တုန်းကတော့ ဘာပြဿနာမှ မရှိခဲ့။ အပြင်ကျူရှင်မတတ်တဲ့ ကျွန်မ ဆရာမသင်တဲ့သင်ခန်းစာနဲ့တင် ကွက်တိပေါ့။

ပြဿနာက ဆယ်တန်းနှစ်မှာ စတာ။ ဆရာမက စာတော်တဲ့ကျောင်းသားတွေအားလုံး သူ့ဆီကို ကျူရှင်သွားကြပေမယ့် မလာတဲ့ ကျွန်မကို နည်းနည်းစိုးရိမ်တာပဲလား၊ မျက်စိနောက်တာပဲလားတော့ မသိ။ တခြားကျောင်းသားတယောက်ကနေ တစ်ဆင့် လေသံစလာပါတယ်။ နွေရာသီမှာကထဲက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်တဲ့ကျွန်မ၊ ထပ်ဆင့်ပြောရရင်တော့ မိသားစု စီးပွားရေးအခြေအနေ အပြောင်းအလဲမှာ ကျွန်မ နစ်မြုပ်နေတဲ့အချိန်၊ ကျွန်မကို ချစ်ခင်ကြတဲ့ ဆရာ၊ဆရာမတွေက ကျွန်မအိမ်မှာ ကျူရှင်ဝိုင်းလုပ်ရင်းနဲ့ ကျွန်မတယောက်စာကတော့ တပြားမှမပေးရတဲ့ အချိန်ပေါ့။ ပေးနိုင်တဲ့အင်အားလည်း မရှိခဲ့တာအမှန်။

ဒါပေမယ့် ဆရာမရဲ့ အမြင်မှာတော့ အိမ်မှာဘာသာစုံဝိုင်းတွေလုပ်နေပြီး သူ့ဆီမလာဘူးဆိုတဲ့ အမြင်လည်း ရှိခဲ့မှာပေါ့။
ကျွန်မတယောက်ထဲမဟုတ်ဘဲ အခြားကျောင်းသားတွေမှာလည်း အဲ့ဒီဆရာမကျူရှင်ကိုမသွားတဲ့သူတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် ကျွန်မနဲ့ တွဲတဲ့သူငယ်ချင်းတအုပ်စုလုံး။ ဘယ်သူမှ မသွားကြဘူး။ ပြီးတော့ ကျွန်မတို့ အုပ်စုက မျောက်လွှဲကျော်အုပ်စု။
တမိနစ်လောက် အညိမ်နေရရင်တောင် လူတိုင်းက ထူးဆန်းနေမယ့် အုပ်စုမျိုး၊ အဲ့ဒီလောက်ကျွန်မတို့ အဆော့သန်ခဲ့တာ။
ဒါနဲ့ ဆက်ပြောရရင် ပထမဆုံး လပတ်စာမေးပွဲမှာ ကျွန်မ သမိုင်းဘာသာ ကျတယ်။ ကျွန်မတို့နှစ်က ၉ဘာသာကို ၅ဘာသာနဲ့ဖြေရတဲ့နှစ်။ ၀ိဇ္ဖာတွဲ ( ပထ၀ီ၊သမိုင်း၊ဘောဂ ) ဆိုပြီး ဖြစ်တဲ့အချိန်။ ဒါပေမယ့် လပတ်စာမေးပွဲတွေမှာတော့ တဘာသာချင်း အမှတ်ထုတ်ပေးပါတယ်။
ဆရာမက စာမေးပွဲကျတဲ့သူတွေကို ရိုက်လေ့ရှိတာ ဟိုးပဝေသဏီထဲကမို့ ကျွန်မတို့ မထူးဆန်းပေမယ့် စာမေးပွဲကျတဲ့စာရင်းထဲမှာ ကျွန်မပါလာတဲ့အချိန်မှာတော့ အရမ်းကို ထူးဆန်းသွားခဲ့ပါတယ်။ ကျွန်မတအားလည်း ရှက်သွားခဲ့တယ်။ အဆင့်တစ်ကနေ နှစ်ဖြစ်ရင်တောင် ကမ္ဘာပျက်မယ့်အတိုင်း သောင်းကျန်းတတ်တဲ့ကျွန်မအတွက် ဒဏ်ရာ တော်တော်ပြင်းတာ။ ကျွန်မ ၀ုန်းခနဲထရပ်လိုက်ပြီး ဆရာမ ဘာအတွက် သမီးကို စာမေးပွဲချတာလဲလို့ ထမေးတဲ့အချိန်မှာ တခန်းလုံးကတော့ တိတ်ဆိတ်လို့ပေါ့။ နင် ဘယ်ကစာတွေနဲ့ ဖြေမှန်းမသိဘဲ လိုအပ်တဲ့အချက်အလက်တွေ မပါလို့ တမှတ်မှ မပေးတာတဲ့။ ကျွန်မစိတ်ထဲမယ် ၀ုန်းခနဲဖြစ်သွားတယ်။ တမင်လုပ်ပြီဆိုတာ သိလိုက်တဲ့ ကျွန်မ ( အခုမှ ပြန်စဉ်းစားမိရင် ကိုယ်တော်တော်ဆိုးခဲ့တာပဲ )။ ရိုက်ပါဆိုပြီး အတန်းရှေ့ထွက်ပြီး အပြုံးမပျက်အရိုက်ခံခဲ့တယ်။

ကျွန်မစိတ်နဲ့ ကျွန်မအကြောင်းကို သိထားတဲ့ သူငယ်ချင်းတွေအားလုံးကတော့ တအံ့တသြပေါ့။ ပထမလပတ်မှာ ဒီလိုဖြစ်တဲ့အတွက် ကျွန်မဒုတိယလပတ်ကို ထပ်စောင့်တယ်။ တူညီတဲ့ရလဒ်ပဲ။ ကျွန်မအတွက်သေချာသွားပြီလေ။ သေသေချာချာဖြေထားပါရက်နဲ့ ကျွန်မစာမေးပွဲကျတယ်။ ရတဲ့အမှတ်ကလည်း သုည တဲ့။ တမှတ်မှကို ကျွန်မကို မပေးတာ။ ကျွန်မ ဒုတိယလပတ်မှာတော့ မျက်နှာကြောတင်းပြီ။ နင် အကြောတင်းတယ်။ မျက်နှာကြောကို ပြင်စမ်းဆိုပြီး ကျွန်မကို လက်သီးကြီးဆုပ်၊ မျက်လုံးကြီးပြူးပီး ကြည့်နေတာ။ ကျွန်မလည်း တစက်မှ မျက်နှာကြောမလျော့ဘူး။ ဆရာမ မျက်နှာကိုလည်း မကြည့်ခဲ့ဘူး။ ကျွန်မဘ၀တလျှောက်မှာ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် အရိုက်ခံခဲ့ရဖူးတာ အဲ့ဒီဆရာမကြောင့်ပါပဲ။ မိသားစုမှာလည်း တခါမှ ကျွန်မအရိုက်မခံခဲ့ရဖူးဘူး။

ဒီလိုနဲ့ ကျွန်မ တတိယလပတ်ဖြေတဲ့အချိန်ရောက်လာခဲ့ပါတယ်။ အဲ့ဒီမှာ ကျွန်မညဉ်ဆိုးတွေ စတော့တာပါပဲ။ သမိုင်းဘာသာဖြေတဲ့နေ့မှာ တလုံးမှ ကျွန်မ မရေးခဲ့ဘူး။ ဒီတိုင်း ဗလာစာရွက်အတိုင်းပဲ ကျွန်မပြန်အပ်ခဲ့တယ်။ ကျွန်မတမင်လုပ်ပြီဆိုတာ သိတဲ့ ဆရာမ ဒေါသဆိုတာလေ တခန်းလုံး အပ်ကျသံတောင် ကြားရမလောက် ညိမ်နေခဲ့တယ်။ ကျွန်မကို နင်ဘာအချိုးချိုးသလဲတဲ့ တခွန်းပဲ မေးတယ်။ ကျွန်မ ပြန်ဖြေခဲ့တယ်။ ဖြေလည်း သုည ၊ မဖြေလည်း သုည၊ ဖြေရတာ မင်ကုန်တယ်၊ လက်ညောင်းလို့ပါ ဆရာမ ဆိုပြီး ကျွန်မဖြေသံ အဆုံးမှာ ဆရာမရဲ့ဒေါသက အထွတ်အထိပ်ရောက်သွားပြီး ကြိမ်လုံးကို လွှဲထည့်လိုက်တာ ကျွန်မလေ ကိုယ့်ကိုယ်ကို သေပြီမှတ်တာ။ လုံးဝမရိုက်ပါဘူး၊ နံရံကို လွှဲရိုက်ပြီးထွက်သွားခဲ့တယ်။ အဲ့ဒိတုန်းကတော့ ငါ မမှားဖူးဆိုတဲ့ အတွေးလေးနဲ့ မာနတွေ တခွဲသားနဲ့ ကျွန်မပေါ့။ ကျွန်မဘက်က မှားခဲ့တာဆိုလို့ ဆရာမကို မထီမဲ့မြင်ပြုခဲ့မိတဲ့အမှားပဲ ရှိတယ် ဆိုပေမယ့် ကျွန်မ ဆယ်တန်းအောင်စာရင်းထွက်တဲ့အချိန်မှာ ၀ိဇ္ဖာတွဲ ဂုဏ်ထူးမပါခဲ့ပါဘူး။ အဲ့ဒီအတွက် ကျွန်မဖြစ်ချင်တဲ့ ဆရာဝန်လည်း မဖြစ်ခဲ့ဘူး။


ဘာပဲဖြစ်ဖြစ် ကျွန်မဘ၀မှာ ဆရာကို စော်ကားဖူးသလို ဖြစ်ခဲ့တဲ့အတွက် ကျွန်မပြန်ရလိုက်တာပဲလို့ ကိုယ့်ကိုယ်ကို နောင်တရမိခဲ့တယ်။ ကျွန်မ အင်ဂျင်နီယာတယောက်ဖြစ်ခဲ့တဲ့နောက်မှာ ဆရာမကို ပြန်သွားကန်တော့ခဲ့ပါတယ်။ ဆရာမကို မှားခဲ့တာ ခွင့်လွှတ်ပေးပါဆိုပြီး ကျောင်းသားတွေရှေ့မှာပဲ ကန်တော့ခဲ့ပါတယ်။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဆရာဆိုတာ ဆရာပါပဲ။

ဆရာတွေမှာလည်း သူ့အကြောင်းနဲ့ သူရှိမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဘက်က မစော်ကားမိတာဟာ ကိုယ့်ဘ၀အတွက် ကောင်းဖို့ပါပဲ လို့ တွေးနေမိပါတယ်။ ကျွန်မဘ၀မှာ မှားခဲ့ဖူးတဲ့ အကြောင်းအရာတခုနဲ့အတွက် တသက်လုံး နောင်တဆိုတာ ရှိနေခဲ့ရတာပါပဲ။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကို အမှားရှိခဲ့ရင် ခွင့်လွှတ်ပေးပါလို့ အမြဲတမ်း ကန်တော့ရင်း တောင်းပန်လျှက်ပါ။

နွယ်ပင်လေးနဲ့ကျွန်မ(၂)


နွယ်ပင်လေးရေ ..

ရှင်ကျွန်မကို တစ်ရစ်ထက်တစ်ရစ် ရစ်ပတ်နှောင်ဖွဲ့လာခဲ့တာ . လှုပ်မရအောင် နစ်မြုပ်စေခဲ့တာ .. ရှင့်သံယောဇဉ်တွေတဲ့လား။
တခါတလေမှာ မွန်းကြပ်မှုတွေအပြည့်နဲ့ ကျွန်မသက်ပြင်းချလိုက်မိတဲ့အခါတိုင်း ရှင်ဘာလို့ မနှစ်မြို့ခဲ့တာလဲ။
အတွေးမောတွေနဲ့ ကျွန်မ သက်ပြင်းချမိလာတတ်တာ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေတောင် သတိထားမိတဲ့အထိပါပဲ။
ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးတွေကြားထဲကမှ သံယောဇဉ်တွေ အထပ်ထပ်ဖွဲ့လို့ အခုဆို ကျွန်မတို့ တူညီတဲ့ အိပ်မက်တခုကို အကောင်အထည်ဖော်ဖို့ လက်တွဲတွေမြဲခဲ့ကြပြီနော်။
ကျွန်မသိပ်နှစ်သက်တဲ့ အပြုအမူလေးတွေ ရှင့်မှာ အပြည့်ရှိသလို ရှင်နှစ်သက်တဲ့ အပြုအမူလေးတခုကို ကျွန်မဆီမှာ ရှင်မြင်လိုက်တိုင်း နှစ်နှစ်ခြိုက်ခြိုက်ပြုံးတတ်တာ ကျွန်မမသိဘဲ နေပါ့မလား။
ရှင်နဲ့ကျွန်မ ဘယ်အရာမှ မတူဘူးလို့ ထင်ခဲ့မိတဲ့ ကျွန်မ .. ကျွန်မတင် မဟုတ်ပါဘူးလေ. ရှင်လည်း ဒီလိုပဲ ယူဆခဲ့တာပဲ မဟုတ်လား။ တကယ့်တကယ် သံယောဇဉ်တွေ ရစ်ပတ်နှောင်တွယ်ရင်း တယောက်အကြောင်းတယောက်ပိုသိလာတဲ့ အချိန်မှာ ရှင်နဲ့ကျွန်မ တူညီတဲ့ စရိုက်တွေ အများကြီးပဲဆိုတာ တစ်စထက်တစ်စ ပိုသိလာရတယ်နော်။
စာပေချစ်တတ်တာ၊ ခရီးသွားရတာ နှစ်သက်တာ၊ စကားနိုင်လုတတ်တာ၊ သီချင်းတွေ ချစ်တတ်တာ၊ အစားအသောက် မရွေးတတ်တာ၊ အကြောင်းအရာတော်တော်များများ ရှင်နဲ့ကျွန်မ ထပ်တူကျနေခဲ့တယ်။
စကားနိုင်လုတိုင်းလည်း အရှုံးမပေးဘဲ စကားပြိုင်ပြောကြရင်း အချိန်တွေကုန်မှန်းမသိ ကုန်ဆုံးစေခဲ့တယ်။
တခုအံ့သြဖို့ကောင်းတာက ရှင်နဲ့ကျွန်မ စကားနိုင်လုတိုင်း ရန်ဖြစ်ဖို့ ဘက်ကို ဦးတည်မနေခဲ့တာပဲ။
တယောက်နဲ့တယောက် အနိုင်မခံ အရှုံးမပေးဘဲ စကားနိုင်လုကြရင်း ကျွန်မက ခပ်တည်တည်လုပ်ပြီး စိတ်ဆိုးချင်ယောင်ဆောင်လိုက်ရင်တော့ ကျွန်မဆံပင်တွေဆွဲဖွပြီး လူဆိုးမလေးလို့ ပညတ်ရင်းနဲ့ အလျော့ပေးတတ်တာလည်း ရှင်ပါပဲ။
ကျေးဇူးတင်ပါတယ် နွယ်ပင်လေးရယ်။ ကျွန်မရဲ့ နွယ်ပင်လေးလို့ ရှင့်ကို ပညတ်လိုက်တုန်းက ရှင်တအံ့တသြနဲ့ ပြုံးစိစိ ဖြစ်နေခဲ့ပြန်ပေါ့။ ပတ်ဝန်းကျင်တခုလုံးက အံ့သြရလောက်အောင် ရှင့်အကြင်နာ ယုယမှုတွေနဲ့ ကျွန်မကို ရစ်ပတ်နှောင်ဖွဲ့ခဲ့သလို ကျွန်မရဲ့ ဆုံးဖြတ်ချက်ခိုင်မြဲခဲ့တာလည်း ရှင့်ရဲ့ သစ္စာတရားကြောင့်ထင်ပါရဲ့။
မိသားစုအပေါ် စိတ်ပူတတ်တဲ့ကျွန်မအတွက် ရှင့်ရဲ့ တခွန်းထဲသော ကတိစကားက အားအင်တွေ ဖြစ်စေခဲ့တယ်။
မေမေတယောက်ထဲအတွက် ဘ၀ကို ရပ်တည်ခဲ့တဲ့ ကျွန်မအတွက် လေးနက်တဲ့ မေတ္တာတရားတွေပေးခဲ့တဲ့ရှင့်ကို မေမေမြင်ရင်လည်း သဘောကျမယ် ထင်ပါရဲ့ နွယ်ပင်လေးရေ။

ကျွန်မရဲ့ ယုံကြည်မှုတွေကို ခိုင်မာခွင့်ပေးပါ ..
ကျွန်မရဲ့ ခံစားမှုတွေကို ပိုမိုလေးနက်ခွင့်ပေးပါ ..
ကျွန်မရဲ့ အားကိုးမှုတွေကို ပိုမိုတည်ဆောက်ခွင့်ပေးပါ ..

နွယ်ပင်လေးရေ ... အစစအရာရာအတွက် ကျေးဇူးပါ။