Friday, March 26, 2010

အမေ

ကျွန်တော့်ရဲ့အမေမှာ မျက်လုံးတဖက်ထဲပါတယ်။ ကျွန်တော်သူ့ကိုသိပ်မုန်းတာပဲ။ ဘယ်လိုမှကို လူတောမတိုးဘူးလေ။ သူမက ကျောင်းက ဆရာတွေ ကျောင်းသားတွေအတွက် ချက်ပြုတ်ပေးရတဲ့ အလုပ်ကိုလုပ်တယ်။ မိသားစုအတွက်ကို တဖက်တလမ်းက အထောက်အကူပြုဖို့ အတွက်ပေါ့။


တနေ့မှာတော့ ကျွန်တော်တက်နေတဲ့ မူလတန်းကျောင်းလေးကိုအမေလိုက်လာခဲ့တယ်။ ကျွန်တော့်ကိုအားလုံးက ၀ိုင်းလှောင်ကြတော့တာပေါ့။


အာ... သူမကျွန်တော့်ကို ဘယ်လိုလုပ်လိုက်တာပါလိမ့်. အရှက်ရအောင်လုပ်လိုက်တာလား။


ကျွန်တော်သူမကိုလျစ်လျူရှုပစ်လိုက်တယ်။သူမကို ကျွန်တော်မုန်းတီးတဲ့အကြည့်တွေနဲ့ ကြည့်လိုက်ပြီး ပြေးထွက်သွားခဲ့တယ်။


နောက်တနေ့မှာတော့ ကျွန်တော့်ရဲ့ အတန်းဖော်တယောက်က လာပြောပါတော့တယ်..

ဟေ့ကောင်.. မင်းအမေက မျက်လုံးတဖက်ထဲ ပါတာလားကွ။


ကျွန်တော်အမေ့ကို အဲ့ဒီနေ့မှာပဲ ရင်ဆိုင်ပြီး ပြောလိုက်ပါတော့တယ်။

အမေကျွန်တော့်ကို အများရဲ့ကြားထဲလူရီစရာဖြစ်အောင်လုပ်တာ သက်သက်ဖြစ်နေပြီ။ အမေဘာလို့ မသေသေးတာလဲ၊

အမေ့ဆီကဘာသံမှ ထွက်မလာခဲ့ပါဘူး။


ကျွန်တော်ဘာပြောလိုက်တယ်ဆိုတာကို တစက္ကန့်လောက်လေးတောင် ရပ်ပြီး မစဉ်းစားနိုင်လောက်အောင် ဒေါသတွေထွက်နေခဲ့တယ်။

ကျွန်တော်သူမရဲ့ခံစားချက်အားလုံးကို လျစ်လျူရှုပြီးမေ့ထားခဲ့လိုက်တယ်

ကျွန်တော် အိမ်ထဲကနေ ထွက်သွားချင်တဲ့ခံစားချက်တွေပဲ ပြည့်နှက်လို့နေခဲ့တယ်။


ဒါကြောင့်ကျွန်တော် အပြင်းအထန်ကြိုးစားပြီး စင်ကာပူနိုင်ငံကို သွားရောက်လို့ ပညာသင်ဖို့ အခွင့်အရေးကို ရရှိခဲ့ပါတော့တယ်။

အဲ့ဒီနောက်မှာတော့ ကျွန်တော်လက်ထပ်ခဲ့တယ်။ ကျွန်တော် ကိုယ်ပိုင်အိမ်လည်း ၀ယ်နိုင်ခဲ့ပါပြီ။

ကျွန်တော့်သားသမီးတွေရယ် ဇနီးရယ်နဲ့ သိပ်ကိုပျော်ရွှင်ဖို့ကောင်းတဲ့ဘ၀လေးတခုကို ပိုင်ဆိုင်ခဲ့ရတယ်။



အဲ့ဒီနောက် တနေ့မှာတော့ အမေက ကျွန်တော်တို့ဆီလာလည်ခဲ့ပါတယ်။ သူကျွန်တော်နဲ့မတွေ့ရတာ နှစ်ပေါင်းများစွာကြာပြီလေ။ သူ့မြေးလေးတွေဆို တွေ့ရဖို့ဆိုတာ ဝေးရောပေါ့။ တခါမှတောင် မတွေ့ဖူးသေးပါဘူး။

သူမကျွန်တော်တို့အိမ်ရှေ့ကိုရောက်တယ်ဆိုရင်ပဲ ကျွန်တော့်ကလေးတွေကို ရယ်မောလှောင်ပြောင်ကြပါ တော့တယ်။


ကျွန်တော်သူမကို အပြင်းအထန် ကြိမ်းမောင်းလိုက်တယ်။

ခင်များကျွန်တော်တို့အိမ်ကိုဘာလာလုပ်တာလဲ. ကျွန်တော့်ကလေးတွေကိုရော ဘာလို့လာကြည့်ပြန်တာလဲ။

သွားဗျာ။ ဒီကနေခုချက်ချင်းထွက်သွားစမ်း။

အဲ့ဒီနောက်မှာတော့ အမေက တိုးတိုးလေးပဲ ပြန်ပြောတယ်။

အို. လူလေး အမေတောင်းပန်ပါတယ်။ အိပ်လိမ်စာမှားသွားတာပါ။

အဲ့ဒီနောက်မှာတော့ ပျောက်ချင်းမလှ ပျောက်သွားပါတော့တယ်။


တနေ့မှာ .... ကျွန်တော့်ရဲ့အိမ်ကို ကျွန်တော်တို့ကျောင်းရဲ့ မိတ်ဆုံစားပွဲဖိတ်စာကရောက်လာပါတော့တယ်.

ကျွန်တော့်ရဲ့ဇနီးကို အလုပ်ကိစ္စနဲ့ ခရီးထွက်မယ်လို့ လိမ်ပြီး ကျွန်တော် အဲ့ဒီကိုသွားခဲ့တယ်။

ပွဲပြီးသွားတဲ့နောက်မှာတော့ ကျွန်တော့်ရဲ့ ရပ်ရွာက အိမ်နီးချင်း မိတ်ဆွေတွေကို နှုတ်ဆက်ဖို့အတွက် ကျွန်တော်သွားခဲ့တယ်။

အိမ်နီးချင်းတွေ ၀ိုင်းပြောကြတာက အမေ သေပြီတဲ့လေ။ ကျွန်တော် မျက်ရည်တစက်တောင် မကျခဲ့ပါဘူး။


သူတို့က ကျွန်တော့်အတွက် အမေထားပေးခဲ့တဲ့ စာလေးတစောင်ကို ကျွန်တော့်ရဲ့လက်ထဲကို ထည့်ပေးကြတယ်။


အမေ့ရဲ့ အချစ်ဆုံးသားလေးရေ ..

သားလေးအကြောင်းကိုပဲ အမေ အမြဲတမ်း တွေးတောနေခဲ့တယ်။ အချိန်နဲ့အမျှပါပဲ သားလေးရယ်။

သားလေးရဲ့ သားသမီးတွေရှေ့မှာ အရှက်ရစေအောင် အမေ စင်ကာပူကို လိုက်ခဲ့မိတဲ့အတွက်ကိုလည်း အမေ တောင်းပန်ပါတယ် သားလေးရယ်။

သားလေးက မိတ်ဆုံစားပွဲကို လာမယ်လို့ အမေကြားတော့ အမေ ပျော်လိုက်တာ.

ဒါပေမယ့် သားလေးလာတာကို အမေမြင်နိုင်ဖို့မဖြစ်နိုင်တော့ပါဘူးသားလေး။

သားလေးအရွယ်ရောက်လာတဲ့အခါမှာသားလေးအတွက် အရှက်ရရမယ့် ကိစ္စကြီး အမေ့မှာ ရှိနေခဲ့တဲ့အတွက်ကိုလည်း အမေ တောင်းပန်ပါတယ် သားလေးရယ်။

သားလေးသိရဲ့လား။ သားလေး ကလေးလေးဘ၀တုန်းကပေါ့သားရယ်။ မင်း မတော်တဆမှု တခု ဖြစ်ခဲ့ပြီး မျက်စိတဘက် ဆုံးရှုံးခဲ့ရတယ်။ သားလေးရဲ့အမေဖြစ်တဲ့ အမေဟာ သားလေး မျက်လုံးတဖက်ထဲနဲ့ ကြီးပြင်း အရွယ်ရောက်လာမှာကို ဘယ်လိုလုပ်ကြည့်ရက်မှာလဲ။ ဒါကြောင့် သားလေးကို အမေ့ရဲ့ မျက်လုံးတဖက် ပေးခဲ့တာပါ။

သားလေးက အမေ့အစား အမေ့ရဲ့ မျက်လုံးတဖက်နဲ့ တကမ္ဘာလုံးကို မြင်နေနိုင်တာ ကြည့်နေနိုင်တာကို အမေ့မှာ ၀မ်းသာလုံးမဆုံးပါဘူး သားလေးရယ်။

အချစ်များစွာနဲ့

အမေ

*******

ဘာရယ်မဟုတ်ပါဘူး.. မီးငယ် ဟိုကြည့် ဒီကြည့်လျှောက်ကြည့်ရင်းနဲ့က ရင်ထဲကို ရောက်သွားတဲ့ စာလေးမို့ ချက်ချင်းပဲ ဘာသာပြန်ပြီး တင်လိုက်ပါတယ်။ ဖတ်နေရင်းနဲ့လည်း အတွေး ဖြန့်ကျက်မိပြန်ပါတယ်။ ဘာလို့များ မိခင်ကို အဲ့ဒီလို ဆက်ခံခဲ့ရပါလိမ့်ပေါ့။ တော်တော်ဆိုးတဲ့ သားတယောက်အဖြစ် ခံစားလို့ ရလိုက်တယ်။ ဘ၀မှာ ဘယ်အရာမဆို ပြန်အစားထိုးလို့ ရပေမယ့် မိခင်ဆိုတဲ့ နေရာကိုတော့ ဘယ်လိုလူကိုမှ အစားထိုးလို့ မရပါဘူးလေ။ မိဘကို ရိုသေတဲ့နေရာမှာ မြန်မာလူမျိုးတွေကိုတော့ ဘယ်နိုင်ငံ ဘယ်လူမျိုးကမှ မယှဉ်နိုင်ပါဘူးလေ။ တကယ်တော့ မျက်လုံးတဖက်ထဲပါတာ ရှက်စရာမှ မဟုတ်ဘဲ။ ကလေးဘ၀မှာ ဘယ်လိုတွေ အရောင်ဆိုးခံခဲ့ရပါလိမ့်လို့လည်း တွေးမိတယ်။ မိခင်အနေနဲ့လည်း အလိုလိုက်ပုံ မှားယွင်းခဲ့ပုံ ရပါတယ်။ သားကို ချစ်ဖို့ပဲ တတ်ပြီး မချစ်တတ်တဲ့ မိခင်တယောက် ဖြစ်မှာပေါ့လေ။ ဘယ်လို မိခင်မျိုးပဲ ဖြစ်ဖြစ် မိခင်ကတော့ မိခင်ပါပဲ။ သားသမီးကို ကိုယ့်မှာရှိတဲ့ အသွေးအသားတွေ ထုတ်ပေးရပါစေ။ ချစ်ကြပါတယ်။ ဒီလို စာပေမျိုးကို ဖတ်ရှုရတာ မိခင်ရဲ့ ချစ်မြတ်နိုးမှုကို လေးစားတဲ့စိတ် ဖြစ်ပေါ်လာပေမယ့် မိဘကို စော်ကားတဲ့ သားသမီးတယောက်ကို မြင်ရတဲ့အတွက် ဒေါသဖြစ်မိပါတယ်။ တကယ့်အဖြစ်အပျက်လို့လည်း ဖော်ပြထားတာမို့ နောင်ကို ဒီလို တကယ့်အဖြစ်အပျက်တွေ ထပ်မံထွက်ပေါ်မလာပါစေနဲ့လို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းမိပါတယ်။

မူရင်း - http://jp.englishbaby.com/

0 comments:

Post a Comment

ထင်မြင်ချက်လေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။