Wednesday, August 24, 2011

နွယ်ပင်လေးနဲ့ကျွန်မ(၁)

တယောက်ထဲ လည်ပတ်ရတဲ့ ဘ၀မှာနေသားကျအောင် ကြိုးစားခဲ့ဖူးတယ်။
မနက်အိပ်ယာထရင်တောင် အမေနှိုးမှ ပေကပ်ထတတ်တဲ့ကိုယ်၊ အကိုအိပ်ယာ ၊ အဖွားအိပ်ယာ အတင်းပြန်ဝင်ခွေပြီး အိပ်တတ်တဲ့ ကိုယ်၊ တယောက်ယောက်မရှိရင် ဂျစ်တိုက်ပြီး စိတ်ကောက်တတ်တဲ့ကိုယ်၊ မိဘနဲ့ ဝေးရာအရပ်ရောက်တာ ဘာလိုလိုနဲ့ သုံးနှစ်ကျော် လေးနှစ်ထဲဖြစ်လာပြီ။
တယောက်ထဲဆိုမှ တယောက်ထဲ၊ ညဉ့်နက်သန်းခေါင် ကော်ဖီတွေ ထသောက်လို့မှ တားမယ့်သူမရှိ၊ တညလုံး ကွန်ပျူတာရှေ့ ငုတ်တုတ်ထိုင်လို့ ဆူမယ့်သူမရှိ၊ အဖော်ဆိုလို့ ကိုယ်ချစ်တဲ့အရုပ်ကလေးတွေရယ်၊ ကွန်ပျူတာလေးရယ် ၊ ချောက်ချက်မြည်နေတတ်တဲ့ နာရီလေးရယ်ပဲ ရှိခဲ့တာ။
အွန်လိုင်းမှာ တွေ့သမျှ သူငယ်ချင်းတွေကို နောက်ပြောင်၊ ဘယ်သူမှ မရှိတဲ့အခါလည်း စိမ်းနေတဲ့ ကိုယ့်နစ်ကလေးကိုယ် ပြန်ကြည့်ရင်း အပျင်းဖြေ၊ နောက် အဲ့ဒီကနေ ဖိုရမ်တွေ ချက်ရွမ်းတွေထဲ လည်ပတ်တတ်လာခဲ့တယ်။
အလုပ်နဲ့အိမ်နဲ့ကလွဲလို့ အပျင်းဖြေစရာမရှိတဲ့ကိုယ်၊ အင်တာနက်ကပဲ ကိုယ့်အဖော်ဖြစ်ခဲ့ပြန်တာပေါ့။
ကော်ဖီကို နှစ်နှစ်သက်သက် စွဲလန်းခဲ့တဲ့ကိုယ်၊ ညဉ့်အိပ်ခါနီး မသောက်ရဆိုတဲ့ ပညတ်ချက်တခုကိုလည်း စွဲလန်းခဲ့ဖူးပါရဲ့။ ကိုယ်တိုင် တည်ဆောက်ထားခဲ့တဲ့ ဘလော့လေးမှာ လာရောက်လည်ပတ်သူ ဘယ်နှယောက်ဆိုတာလေးကိုလည်း ကြည့်ပြီး ကြည်နူးခဲ့ဖူးပါရဲ့။ ကိုယ်ရေးထားတဲ့ ပို့စ်တွေမှာ ကျေးဇူးတင်သူ ဘယ်နှယောက်ဆိုရင်လည်း ပျော်မြူးခဲ့ဖူးပါရဲ့။
ရေးဖော်ရေးဖက် မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ကြားမှာလည်း ပျော်ရွှင်ခဲ့ဖူးပါရဲ့။ မနက်မိုးလင်းကနေ မိုးချုပ် ပုံမှန်လည်ပတ်နေတဲ့ ကမ္ဘာတခုကို နွယ်ပင်လေးတပင် တိုးလာခဲ့တယ်။ နွယ်ပင်လေးရေ .. ရစ်ပတ်မိမှတော့ ပြတ်သုဉ်းမသွားပါရစေနဲ့ ။
သူငယ်ချင်းတွေ အပေါင်းအသင်းတွေ အားလုံးရဲ့ သတိပေးစကား၊ စိုးရိမ်စကားတွေကြားမှာ ရင်တွေ ပူတတ်လာတဲ့ ကိုယ်၊ သူငယ်ချင်းတွေ အပေါင်းအသင်းတွေ အားလုံးရဲ့ နောက်ပြောင်ကျီစယ်သံတွေကြား ကြည်နူးတတ်လာတဲ့ ကိုယ်၊
လူတကိုယ်နဲ့ စိတ်တွေ အမျိုးမျိုး ထွေပြားလို့ ၊ ကိုယ့်ရဲ့ နေ့တဓူဝ လုပ်ငန်းစဉ်တွေတောင် မေ့လျော့လာတတ်ခဲ့တယ်။
နွယ်ဆိုတဲ့ သဘောက ရစ်ပတ်တတ်တဲ့ အမျိုးအနွယ်ပေမို့ ရုန်းထွက်ဖို့ မေ့လျော့နေခဲ့တဲ့ကိုယ် အသက်ရှုကြပ်လာကာမှပဲ သတိထားမိပြန်တော့တယ်။ နွယ်ပင်လေးရေ .. ကိုယ့်ကို ရစ်ပတ်နှောင်တွယ်ခြင်းတွေနဲ့ ဘာကြောင့်များ အသက်ရှုကြပ်စေခဲ့တာလဲ။
နွယ်ပင်လေးရေ .. ရှင် အလိုမရှိတဲ့ တနေ့ ထားရစ်ခဲ့နိုင်ပါတယ်။ ရှင်သန်နေတဲ့ အသက်ဝိညာဉ် ပျောက်ဆုံးသွားမယ့် တနေ့ထိ ရှင့်ရဲ့ ရစ်တွယ်နှောင်ဖွဲ့မှုတွေကို ကျေကျေနပ်နပ် ခံယူနေဦးမှာပါ။
နွယ်ပင်လေးရေ ......... ရှင့်ကို ကျွန်မ သိပ်လွမ်းတတ်နေပြီ။

0 comments:

Post a Comment

ထင်မြင်ချက်လေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။