Saturday, August 27, 2011

ကလေးဘ၀ အမှတ်တရ ( ၁ )

ပထမဦးဆုံး စချက်ဖူးတဲ့ ဟင်းလေးတခွက်၊ မှတ်မိပါသေးရဲ့။
အပူလောင်မှာစိုးလို့ မေမေက မီးဖိုထဲတောင် မ၀င်ခိုင်းပေမယ့် တစက္ကန့်တောင် အညိမ်မနေနိုင်တဲ့အကျင့်လေးနဲ့ ကိုယ်။
သုံးတန်းနှစ်မှာ ဟင်းစချက်ဖူးပါတယ်။ မေမေချက်ရင် ဘေးကနေ လိုက်စပ်စုပြီး မှတ်ထားတတ်တဲ့ အကျင့်လေးကရှိတော့ ကိုယ့်ကိုယ်ကိုယ်တော့ အဟုတ်ပေါ့။
ပထမဦးဆုံး စချက်ဖြစ်တာ မှတ်မှတ်ရရ ဘဲဥချဉ်ရည်ဟင်း။
ဘဲဥကိုပြုတ်တယ်။ အခွံခွာတယ်။ ဘဲဥပြုတ်ထားတုန်းမှာ မန်ကျည်းသီးစိမ်းတယ်။ ငရုတ်သီး ကြက်သွန်ထောင်းတယ်။
နောက်ပုဇွန်ခြောက်ထောင်းတယ်။ ( အနော်တို့အိမ်မှာက ပုဇွန်ခြောက်ထောင်းပြီး ထည့်ချက်လေ့ရှိတယ်။ ထောင်းပြီးသား ပုဇွန်ခြောက်တ၀က်၊ အကောင်လိုက်တ၀က်ပေါ့ ) အဲ့လိုမျိုး ဟုတ်တိပတ်တိနဲ့ ပြင်ဆင်နေတော့ မေမေကလည်း ပြုံးပြုံးပြုံးပြုံးနဲ့ပေါ့။
အဲ့ဒါနဲ့ ဆီသတ် မန်ကျည်းသီးနှစ်လေးထည့်၊ ငံပြာရည်လေးထည့်၊ အချိုမှုန့်လေးထည့်၊ ကိုယ့်ဟာနဲ့ကိုယ်တော့ ဟုတ်နေတာ။
နောက် မေမေတို့ အိမ်ရှေ့ကနေစောင့်နော်၊ ဟင်းနံ့နံမယ်ပေါ့ .. အဟိ။
အဲ့ဒါနဲ့ မေမေတို့က အိမ်ရှေ့ခန်းကနေ စောင့်တာပေါ့နော်။
၁၅ မိနစ်နဲ့လည်း သူ့သမီး အိမ်ရှေ့မထွက်။ မိနစ် ၂၀ နဲ့လည်း ပေါ်မလာ။ နာရီဝက်နဲ့လည်း အသံမကြားနဲ့ စိတ်ပူပြီး နောက်ဖေးမီးဖိုချောင်ထဲ ပြန်ဝင်လာပါလေရော။
အဲ့ကျမှ မီးလေး ဘာလုပ်နေတာလဲလို့လည်း မေးရော ... ဘဲဥချဉ်ဟင်း ရေမခန်းသေးလို့ ထိုင်စောင့်နေတာတဲ့လေ ။
ဟီးးး ... တော်ချက်။
ဘဲဥချဉ်ဟင်းကို ရေတဖလားထည့်ပြီး ရေမခန်းမချင်းထိုင်စောင့်တာ နာကွ .. ဟိ . ဟိ

Wednesday, August 24, 2011

အမှတ်တရ ဆရာမ

ငယ်ငယ်လေးထဲက မိဘနဲ့မခြား ကောင်းခဲ့တဲ့ ဆရာဆရာမတွေနဲ့ တွေ့ခဲ့ဖူးသလို မှတ်မှတ်ရရ စိတ်ထဲမှာ ကျန်နေခဲ့တဲ့ ( အဲ့တုန်းကတော့ ဆိုးတယ်လို့ သတ်မှတ်ခဲ့တဲ့ ) ဆရာမတယောက် ရှိခဲ့ဖူးတယ်။ အထက်တန်းကျောင်းတူ သူငယ်ချင်းတွေ ဒီကျူးပစ်မှာ ရှိရင်တော့ အဲ့ဒီဆရာမကို သိကြမှာပါ။
ဆရာမက အပျိုကြီး၊ အရမ်းအရိုက်ကြမ်းတာ၊ အရမ်းပါးစပ်ကြမ်းတာကို သိပ်ဂုဏ်ယူတဲ့ဆရာမ၊ ဆံပင်ကို အမြင့်ကြီး ခေါက်တင်ထားပြီးတော့ ကြိမ်လုံးကြီးတရွှမ်းရွှမ်းနဲ့ပေါ့။

ကိုယ်ကလည်း ကျောင်းမှာ Top Ten စာရင်းဝင်၊ ဆရာဆရာမတွေက စာတော်လို့သာ ချစ်ကြတာ။ သိပ်အပိုးကျိုးလှတဲ့ ကျောင်းသားတယောက်တော့ မဟုတ်ခဲ့ဘူး။ မှန်တယ်ထင်ရင် ကန့်လန့်တိုက်တတ်တဲ့ ကျောင်းသားမျိုး။
ကျောင်းကဆရာ၊ဆရာမဆီမှာ ကျူရှင်တက်မှ အမှတ်ပေးမယ်လို့ ကြားတာနဲ့ လုံးဝအဲ့ဒီကျူရှင်သွားမတက်ဘူး။ ဘယ်လောက်ပဲ အသင်ပြကောင်းနေပါစေ။ မတက်ဘူးဆိုတဲ့ ကျောင်းသားမျိုး။
အဲ့ဒီတုန်းကတော့ ဆရာ၊ဆရာမတွေမှာလည်း စားဝတ်နေရေးကြောင့်ဆိုတဲ့ အတွေးမျိုးလုံးဝမတွေးတတ်ခဲ့တာအမှန်။
ဆရာမက စာအသင်အပြသိပ်တော်ပါတယ်။ ကျောင်းမှာလည်း သူသင်ပေးရင် အရမ်းကိုရှင်းလင်းသွားတာပါ။
သမိုင်းသင်တဲ့ဆရာမ၊ သမိုင်းဖတ်စာအုပ်ကို မကိုင်ဘဲနဲ့ကို သင်နိုင်တဲ့ဆရာမပါ။ ပြင်ပဗဟုသုတတွေပါ ရှင်းပေးပြီး သင်တဲ့ ဆရာမ။
ကိုးတန်း၊ဆယ်တန်းနှစ်နှစ် ဆရာမနဲ့သင်ခဲ့ရတယ်။ ကိုးတန်းနှစ်တုန်းကတော့ ဘာပြဿနာမှ မရှိခဲ့။ အပြင်ကျူရှင်မတတ်တဲ့ ကျွန်မ ဆရာမသင်တဲ့သင်ခန်းစာနဲ့တင် ကွက်တိပေါ့။

ပြဿနာက ဆယ်တန်းနှစ်မှာ စတာ။ ဆရာမက စာတော်တဲ့ကျောင်းသားတွေအားလုံး သူ့ဆီကို ကျူရှင်သွားကြပေမယ့် မလာတဲ့ ကျွန်မကို နည်းနည်းစိုးရိမ်တာပဲလား၊ မျက်စိနောက်တာပဲလားတော့ မသိ။ တခြားကျောင်းသားတယောက်ကနေ တစ်ဆင့် လေသံစလာပါတယ်။ နွေရာသီမှာကထဲက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်တဲ့ကျွန်မ၊ ထပ်ဆင့်ပြောရရင်တော့ မိသားစု စီးပွားရေးအခြေအနေ အပြောင်းအလဲမှာ ကျွန်မ နစ်မြုပ်နေတဲ့အချိန်၊ ကျွန်မကို ချစ်ခင်ကြတဲ့ ဆရာ၊ဆရာမတွေက ကျွန်မအိမ်မှာ ကျူရှင်ဝိုင်းလုပ်ရင်းနဲ့ ကျွန်မတယောက်စာကတော့ တပြားမှမပေးရတဲ့ အချိန်ပေါ့။ ပေးနိုင်တဲ့အင်အားလည်း မရှိခဲ့တာအမှန်။

ဒါပေမယ့် ဆရာမရဲ့ အမြင်မှာတော့ အိမ်မှာဘာသာစုံဝိုင်းတွေလုပ်နေပြီး သူ့ဆီမလာဘူးဆိုတဲ့ အမြင်လည်း ရှိခဲ့မှာပေါ့။
ကျွန်မတယောက်ထဲမဟုတ်ဘဲ အခြားကျောင်းသားတွေမှာလည်း အဲ့ဒီဆရာမကျူရှင်ကိုမသွားတဲ့သူတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် ကျွန်မနဲ့ တွဲတဲ့သူငယ်ချင်းတအုပ်စုလုံး။ ဘယ်သူမှ မသွားကြဘူး။ ပြီးတော့ ကျွန်မတို့ အုပ်စုက မျောက်လွှဲကျော်အုပ်စု။
တမိနစ်လောက် အညိမ်နေရရင်တောင် လူတိုင်းက ထူးဆန်းနေမယ့် အုပ်စုမျိုး၊ အဲ့ဒီလောက်ကျွန်မတို့ အဆော့သန်ခဲ့တာ။
ဒါနဲ့ ဆက်ပြောရရင် ပထမဆုံး လပတ်စာမေးပွဲမှာ ကျွန်မ သမိုင်းဘာသာ ကျတယ်။ ကျွန်မတို့နှစ်က ၉ဘာသာကို ၅ဘာသာနဲ့ဖြေရတဲ့နှစ်။ ၀ိဇ္ဖာတွဲ ( ပထ၀ီ၊သမိုင်း၊ဘောဂ ) ဆိုပြီး ဖြစ်တဲ့အချိန်။ ဒါပေမယ့် လပတ်စာမေးပွဲတွေမှာတော့ တဘာသာချင်း အမှတ်ထုတ်ပေးပါတယ်။
ဆရာမက စာမေးပွဲကျတဲ့သူတွေကို ရိုက်လေ့ရှိတာ ဟိုးပဝေသဏီထဲကမို့ ကျွန်မတို့ မထူးဆန်းပေမယ့် စာမေးပွဲကျတဲ့စာရင်းထဲမှာ ကျွန်မပါလာတဲ့အချိန်မှာတော့ အရမ်းကို ထူးဆန်းသွားခဲ့ပါတယ်။ ကျွန်မတအားလည်း ရှက်သွားခဲ့တယ်။ အဆင့်တစ်ကနေ နှစ်ဖြစ်ရင်တောင် ကမ္ဘာပျက်မယ့်အတိုင်း သောင်းကျန်းတတ်တဲ့ကျွန်မအတွက် ဒဏ်ရာ တော်တော်ပြင်းတာ။ ကျွန်မ ၀ုန်းခနဲထရပ်လိုက်ပြီး ဆရာမ ဘာအတွက် သမီးကို စာမေးပွဲချတာလဲလို့ ထမေးတဲ့အချိန်မှာ တခန်းလုံးကတော့ တိတ်ဆိတ်လို့ပေါ့။ နင် ဘယ်ကစာတွေနဲ့ ဖြေမှန်းမသိဘဲ လိုအပ်တဲ့အချက်အလက်တွေ မပါလို့ တမှတ်မှ မပေးတာတဲ့။ ကျွန်မစိတ်ထဲမယ် ၀ုန်းခနဲဖြစ်သွားတယ်။ တမင်လုပ်ပြီဆိုတာ သိလိုက်တဲ့ ကျွန်မ ( အခုမှ ပြန်စဉ်းစားမိရင် ကိုယ်တော်တော်ဆိုးခဲ့တာပဲ )။ ရိုက်ပါဆိုပြီး အတန်းရှေ့ထွက်ပြီး အပြုံးမပျက်အရိုက်ခံခဲ့တယ်။

ကျွန်မစိတ်နဲ့ ကျွန်မအကြောင်းကို သိထားတဲ့ သူငယ်ချင်းတွေအားလုံးကတော့ တအံ့တသြပေါ့။ ပထမလပတ်မှာ ဒီလိုဖြစ်တဲ့အတွက် ကျွန်မဒုတိယလပတ်ကို ထပ်စောင့်တယ်။ တူညီတဲ့ရလဒ်ပဲ။ ကျွန်မအတွက်သေချာသွားပြီလေ။ သေသေချာချာဖြေထားပါရက်နဲ့ ကျွန်မစာမေးပွဲကျတယ်။ ရတဲ့အမှတ်ကလည်း သုည တဲ့။ တမှတ်မှကို ကျွန်မကို မပေးတာ။ ကျွန်မ ဒုတိယလပတ်မှာတော့ မျက်နှာကြောတင်းပြီ။ နင် အကြောတင်းတယ်။ မျက်နှာကြောကို ပြင်စမ်းဆိုပြီး ကျွန်မကို လက်သီးကြီးဆုပ်၊ မျက်လုံးကြီးပြူးပီး ကြည့်နေတာ။ ကျွန်မလည်း တစက်မှ မျက်နှာကြောမလျော့ဘူး။ ဆရာမ မျက်နှာကိုလည်း မကြည့်ခဲ့ဘူး။ ကျွန်မဘ၀တလျှောက်မှာ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် အရိုက်ခံခဲ့ရဖူးတာ အဲ့ဒီဆရာမကြောင့်ပါပဲ။ မိသားစုမှာလည်း တခါမှ ကျွန်မအရိုက်မခံခဲ့ရဖူးဘူး။

ဒီလိုနဲ့ ကျွန်မ တတိယလပတ်ဖြေတဲ့အချိန်ရောက်လာခဲ့ပါတယ်။ အဲ့ဒီမှာ ကျွန်မညဉ်ဆိုးတွေ စတော့တာပါပဲ။ သမိုင်းဘာသာဖြေတဲ့နေ့မှာ တလုံးမှ ကျွန်မ မရေးခဲ့ဘူး။ ဒီတိုင်း ဗလာစာရွက်အတိုင်းပဲ ကျွန်မပြန်အပ်ခဲ့တယ်။ ကျွန်မတမင်လုပ်ပြီဆိုတာ သိတဲ့ ဆရာမ ဒေါသဆိုတာလေ တခန်းလုံး အပ်ကျသံတောင် ကြားရမလောက် ညိမ်နေခဲ့တယ်။ ကျွန်မကို နင်ဘာအချိုးချိုးသလဲတဲ့ တခွန်းပဲ မေးတယ်။ ကျွန်မ ပြန်ဖြေခဲ့တယ်။ ဖြေလည်း သုည ၊ မဖြေလည်း သုည၊ ဖြေရတာ မင်ကုန်တယ်၊ လက်ညောင်းလို့ပါ ဆရာမ ဆိုပြီး ကျွန်မဖြေသံ အဆုံးမှာ ဆရာမရဲ့ဒေါသက အထွတ်အထိပ်ရောက်သွားပြီး ကြိမ်လုံးကို လွှဲထည့်လိုက်တာ ကျွန်မလေ ကိုယ့်ကိုယ်ကို သေပြီမှတ်တာ။ လုံးဝမရိုက်ပါဘူး၊ နံရံကို လွှဲရိုက်ပြီးထွက်သွားခဲ့တယ်။ အဲ့ဒိတုန်းကတော့ ငါ မမှားဖူးဆိုတဲ့ အတွေးလေးနဲ့ မာနတွေ တခွဲသားနဲ့ ကျွန်မပေါ့။ ကျွန်မဘက်က မှားခဲ့တာဆိုလို့ ဆရာမကို မထီမဲ့မြင်ပြုခဲ့မိတဲ့အမှားပဲ ရှိတယ် ဆိုပေမယ့် ကျွန်မ ဆယ်တန်းအောင်စာရင်းထွက်တဲ့အချိန်မှာ ၀ိဇ္ဖာတွဲ ဂုဏ်ထူးမပါခဲ့ပါဘူး။ အဲ့ဒီအတွက် ကျွန်မဖြစ်ချင်တဲ့ ဆရာဝန်လည်း မဖြစ်ခဲ့ဘူး။


ဘာပဲဖြစ်ဖြစ် ကျွန်မဘ၀မှာ ဆရာကို စော်ကားဖူးသလို ဖြစ်ခဲ့တဲ့အတွက် ကျွန်မပြန်ရလိုက်တာပဲလို့ ကိုယ့်ကိုယ်ကို နောင်တရမိခဲ့တယ်။ ကျွန်မ အင်ဂျင်နီယာတယောက်ဖြစ်ခဲ့တဲ့နောက်မှာ ဆရာမကို ပြန်သွားကန်တော့ခဲ့ပါတယ်။ ဆရာမကို မှားခဲ့တာ ခွင့်လွှတ်ပေးပါဆိုပြီး ကျောင်းသားတွေရှေ့မှာပဲ ကန်တော့ခဲ့ပါတယ်။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဆရာဆိုတာ ဆရာပါပဲ။

ဆရာတွေမှာလည်း သူ့အကြောင်းနဲ့ သူရှိမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဘက်က မစော်ကားမိတာဟာ ကိုယ့်ဘ၀အတွက် ကောင်းဖို့ပါပဲ လို့ တွေးနေမိပါတယ်။ ကျွန်မဘ၀မှာ မှားခဲ့ဖူးတဲ့ အကြောင်းအရာတခုနဲ့အတွက် တသက်လုံး နောင်တဆိုတာ ရှိနေခဲ့ရတာပါပဲ။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကို အမှားရှိခဲ့ရင် ခွင့်လွှတ်ပေးပါလို့ အမြဲတမ်း ကန်တော့ရင်း တောင်းပန်လျှက်ပါ။

နွယ်ပင်လေးနဲ့ကျွန်မ(၂)


နွယ်ပင်လေးရေ ..

ရှင်ကျွန်မကို တစ်ရစ်ထက်တစ်ရစ် ရစ်ပတ်နှောင်ဖွဲ့လာခဲ့တာ . လှုပ်မရအောင် နစ်မြုပ်စေခဲ့တာ .. ရှင့်သံယောဇဉ်တွေတဲ့လား။
တခါတလေမှာ မွန်းကြပ်မှုတွေအပြည့်နဲ့ ကျွန်မသက်ပြင်းချလိုက်မိတဲ့အခါတိုင်း ရှင်ဘာလို့ မနှစ်မြို့ခဲ့တာလဲ။
အတွေးမောတွေနဲ့ ကျွန်မ သက်ပြင်းချမိလာတတ်တာ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေတောင် သတိထားမိတဲ့အထိပါပဲ။
ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးတွေကြားထဲကမှ သံယောဇဉ်တွေ အထပ်ထပ်ဖွဲ့လို့ အခုဆို ကျွန်မတို့ တူညီတဲ့ အိပ်မက်တခုကို အကောင်အထည်ဖော်ဖို့ လက်တွဲတွေမြဲခဲ့ကြပြီနော်။
ကျွန်မသိပ်နှစ်သက်တဲ့ အပြုအမူလေးတွေ ရှင့်မှာ အပြည့်ရှိသလို ရှင်နှစ်သက်တဲ့ အပြုအမူလေးတခုကို ကျွန်မဆီမှာ ရှင်မြင်လိုက်တိုင်း နှစ်နှစ်ခြိုက်ခြိုက်ပြုံးတတ်တာ ကျွန်မမသိဘဲ နေပါ့မလား။
ရှင်နဲ့ကျွန်မ ဘယ်အရာမှ မတူဘူးလို့ ထင်ခဲ့မိတဲ့ ကျွန်မ .. ကျွန်မတင် မဟုတ်ပါဘူးလေ. ရှင်လည်း ဒီလိုပဲ ယူဆခဲ့တာပဲ မဟုတ်လား။ တကယ့်တကယ် သံယောဇဉ်တွေ ရစ်ပတ်နှောင်တွယ်ရင်း တယောက်အကြောင်းတယောက်ပိုသိလာတဲ့ အချိန်မှာ ရှင်နဲ့ကျွန်မ တူညီတဲ့ စရိုက်တွေ အများကြီးပဲဆိုတာ တစ်စထက်တစ်စ ပိုသိလာရတယ်နော်။
စာပေချစ်တတ်တာ၊ ခရီးသွားရတာ နှစ်သက်တာ၊ စကားနိုင်လုတတ်တာ၊ သီချင်းတွေ ချစ်တတ်တာ၊ အစားအသောက် မရွေးတတ်တာ၊ အကြောင်းအရာတော်တော်များများ ရှင်နဲ့ကျွန်မ ထပ်တူကျနေခဲ့တယ်။
စကားနိုင်လုတိုင်းလည်း အရှုံးမပေးဘဲ စကားပြိုင်ပြောကြရင်း အချိန်တွေကုန်မှန်းမသိ ကုန်ဆုံးစေခဲ့တယ်။
တခုအံ့သြဖို့ကောင်းတာက ရှင်နဲ့ကျွန်မ စကားနိုင်လုတိုင်း ရန်ဖြစ်ဖို့ ဘက်ကို ဦးတည်မနေခဲ့တာပဲ။
တယောက်နဲ့တယောက် အနိုင်မခံ အရှုံးမပေးဘဲ စကားနိုင်လုကြရင်း ကျွန်မက ခပ်တည်တည်လုပ်ပြီး စိတ်ဆိုးချင်ယောင်ဆောင်လိုက်ရင်တော့ ကျွန်မဆံပင်တွေဆွဲဖွပြီး လူဆိုးမလေးလို့ ပညတ်ရင်းနဲ့ အလျော့ပေးတတ်တာလည်း ရှင်ပါပဲ။
ကျေးဇူးတင်ပါတယ် နွယ်ပင်လေးရယ်။ ကျွန်မရဲ့ နွယ်ပင်လေးလို့ ရှင့်ကို ပညတ်လိုက်တုန်းက ရှင်တအံ့တသြနဲ့ ပြုံးစိစိ ဖြစ်နေခဲ့ပြန်ပေါ့။ ပတ်ဝန်းကျင်တခုလုံးက အံ့သြရလောက်အောင် ရှင့်အကြင်နာ ယုယမှုတွေနဲ့ ကျွန်မကို ရစ်ပတ်နှောင်ဖွဲ့ခဲ့သလို ကျွန်မရဲ့ ဆုံးဖြတ်ချက်ခိုင်မြဲခဲ့တာလည်း ရှင့်ရဲ့ သစ္စာတရားကြောင့်ထင်ပါရဲ့။
မိသားစုအပေါ် စိတ်ပူတတ်တဲ့ကျွန်မအတွက် ရှင့်ရဲ့ တခွန်းထဲသော ကတိစကားက အားအင်တွေ ဖြစ်စေခဲ့တယ်။
မေမေတယောက်ထဲအတွက် ဘ၀ကို ရပ်တည်ခဲ့တဲ့ ကျွန်မအတွက် လေးနက်တဲ့ မေတ္တာတရားတွေပေးခဲ့တဲ့ရှင့်ကို မေမေမြင်ရင်လည်း သဘောကျမယ် ထင်ပါရဲ့ နွယ်ပင်လေးရေ။

ကျွန်မရဲ့ ယုံကြည်မှုတွေကို ခိုင်မာခွင့်ပေးပါ ..
ကျွန်မရဲ့ ခံစားမှုတွေကို ပိုမိုလေးနက်ခွင့်ပေးပါ ..
ကျွန်မရဲ့ အားကိုးမှုတွေကို ပိုမိုတည်ဆောက်ခွင့်ပေးပါ ..

နွယ်ပင်လေးရေ ... အစစအရာရာအတွက် ကျေးဇူးပါ။


နွယ်ပင်လေးနဲ့ကျွန်မ(၁)

တယောက်ထဲ လည်ပတ်ရတဲ့ ဘ၀မှာနေသားကျအောင် ကြိုးစားခဲ့ဖူးတယ်။
မနက်အိပ်ယာထရင်တောင် အမေနှိုးမှ ပေကပ်ထတတ်တဲ့ကိုယ်၊ အကိုအိပ်ယာ ၊ အဖွားအိပ်ယာ အတင်းပြန်ဝင်ခွေပြီး အိပ်တတ်တဲ့ ကိုယ်၊ တယောက်ယောက်မရှိရင် ဂျစ်တိုက်ပြီး စိတ်ကောက်တတ်တဲ့ကိုယ်၊ မိဘနဲ့ ဝေးရာအရပ်ရောက်တာ ဘာလိုလိုနဲ့ သုံးနှစ်ကျော် လေးနှစ်ထဲဖြစ်လာပြီ။
တယောက်ထဲဆိုမှ တယောက်ထဲ၊ ညဉ့်နက်သန်းခေါင် ကော်ဖီတွေ ထသောက်လို့မှ တားမယ့်သူမရှိ၊ တညလုံး ကွန်ပျူတာရှေ့ ငုတ်တုတ်ထိုင်လို့ ဆူမယ့်သူမရှိ၊ အဖော်ဆိုလို့ ကိုယ်ချစ်တဲ့အရုပ်ကလေးတွေရယ်၊ ကွန်ပျူတာလေးရယ် ၊ ချောက်ချက်မြည်နေတတ်တဲ့ နာရီလေးရယ်ပဲ ရှိခဲ့တာ။
အွန်လိုင်းမှာ တွေ့သမျှ သူငယ်ချင်းတွေကို နောက်ပြောင်၊ ဘယ်သူမှ မရှိတဲ့အခါလည်း စိမ်းနေတဲ့ ကိုယ့်နစ်ကလေးကိုယ် ပြန်ကြည့်ရင်း အပျင်းဖြေ၊ နောက် အဲ့ဒီကနေ ဖိုရမ်တွေ ချက်ရွမ်းတွေထဲ လည်ပတ်တတ်လာခဲ့တယ်။
အလုပ်နဲ့အိမ်နဲ့ကလွဲလို့ အပျင်းဖြေစရာမရှိတဲ့ကိုယ်၊ အင်တာနက်ကပဲ ကိုယ့်အဖော်ဖြစ်ခဲ့ပြန်တာပေါ့။
ကော်ဖီကို နှစ်နှစ်သက်သက် စွဲလန်းခဲ့တဲ့ကိုယ်၊ ညဉ့်အိပ်ခါနီး မသောက်ရဆိုတဲ့ ပညတ်ချက်တခုကိုလည်း စွဲလန်းခဲ့ဖူးပါရဲ့။ ကိုယ်တိုင် တည်ဆောက်ထားခဲ့တဲ့ ဘလော့လေးမှာ လာရောက်လည်ပတ်သူ ဘယ်နှယောက်ဆိုတာလေးကိုလည်း ကြည့်ပြီး ကြည်နူးခဲ့ဖူးပါရဲ့။ ကိုယ်ရေးထားတဲ့ ပို့စ်တွေမှာ ကျေးဇူးတင်သူ ဘယ်နှယောက်ဆိုရင်လည်း ပျော်မြူးခဲ့ဖူးပါရဲ့။
ရေးဖော်ရေးဖက် မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ကြားမှာလည်း ပျော်ရွှင်ခဲ့ဖူးပါရဲ့။ မနက်မိုးလင်းကနေ မိုးချုပ် ပုံမှန်လည်ပတ်နေတဲ့ ကမ္ဘာတခုကို နွယ်ပင်လေးတပင် တိုးလာခဲ့တယ်။ နွယ်ပင်လေးရေ .. ရစ်ပတ်မိမှတော့ ပြတ်သုဉ်းမသွားပါရစေနဲ့ ။
သူငယ်ချင်းတွေ အပေါင်းအသင်းတွေ အားလုံးရဲ့ သတိပေးစကား၊ စိုးရိမ်စကားတွေကြားမှာ ရင်တွေ ပူတတ်လာတဲ့ ကိုယ်၊ သူငယ်ချင်းတွေ အပေါင်းအသင်းတွေ အားလုံးရဲ့ နောက်ပြောင်ကျီစယ်သံတွေကြား ကြည်နူးတတ်လာတဲ့ ကိုယ်၊
လူတကိုယ်နဲ့ စိတ်တွေ အမျိုးမျိုး ထွေပြားလို့ ၊ ကိုယ့်ရဲ့ နေ့တဓူဝ လုပ်ငန်းစဉ်တွေတောင် မေ့လျော့လာတတ်ခဲ့တယ်။
နွယ်ဆိုတဲ့ သဘောက ရစ်ပတ်တတ်တဲ့ အမျိုးအနွယ်ပေမို့ ရုန်းထွက်ဖို့ မေ့လျော့နေခဲ့တဲ့ကိုယ် အသက်ရှုကြပ်လာကာမှပဲ သတိထားမိပြန်တော့တယ်။ နွယ်ပင်လေးရေ .. ကိုယ့်ကို ရစ်ပတ်နှောင်တွယ်ခြင်းတွေနဲ့ ဘာကြောင့်များ အသက်ရှုကြပ်စေခဲ့တာလဲ။
နွယ်ပင်လေးရေ .. ရှင် အလိုမရှိတဲ့ တနေ့ ထားရစ်ခဲ့နိုင်ပါတယ်။ ရှင်သန်နေတဲ့ အသက်ဝိညာဉ် ပျောက်ဆုံးသွားမယ့် တနေ့ထိ ရှင့်ရဲ့ ရစ်တွယ်နှောင်ဖွဲ့မှုတွေကို ကျေကျေနပ်နပ် ခံယူနေဦးမှာပါ။
နွယ်ပင်လေးရေ ......... ရှင့်ကို ကျွန်မ သိပ်လွမ်းတတ်နေပြီ။